Sunday, May 6, 2012

အလှချင်းပြိုင် နိုင်မတဲ့လား


ကမ္ဘာပေါ်ရှိ အလှတရားများဟာ သူ့အလှတရားနဲ့သူ လှပနေပြီး အလှမျိုးစုံကိုယ်စီဖြင့် တင့်တယ်နေကြပေမဲ့ လူတွေကတော့ ရှိပြီးသားသဘာဝအလှထက် ပိုမိုလှပအောင် သက်မဲ့များကိုရော သက်ရှိမိမိခန္ဓာကိုယ်ကိုရော စိတ်တိုင်းကျ ပြင်ဆင်လေ့ရှိကြပါတယ်။ အဲဒီလို ဖန်တီးနေကြလို့လည်း ဘယ်သူက ဘယ်သူ့ထက်ပိုလှတယ်ဆိုတာမျိုးတွေ ဖြစ်လာကြပြီး အလှပြိုင်ပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။ မျက်မှောက်ခေတ်ကာလမှာ အလှပြိုင်တာကနေ လောဘ၊ ဒေါသတွေဖြစ်တတ်ကြပေမဲ့ ရှေးယခင်က အလှပြိုင်တဲ့အခါမှတော့ လောဘ၊ ဒေါသမဖြစ်ဘဲ ကုသိုလ်တရားများ ရရှိခဲ့ပါတယ်။ ဒါကြောင့် အလှပြိုင်တာနဲ့ပတ်သတ်ပြီး ကိလေသာမဖြစ်ဘဲ ကုသိုလ်ပါရရှိအောင် ဆင်ခြင်တတ်ရန်အတွက် အလှပြိုင်ပွဲလေးတစ်ခု သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့တာလေးကို ရေးသားတင်ပြပေးလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံဆိုသည်မှာ ယခု ထေရ၀ါဒငါးနိုင်ငံတွင် တစ်နိုင်ငံအပါအ၀င်ဖြစ်ပြီး အိန္ဒိယကျွန်းဆွယ်လေးတစ်ခုပေါ်တွင် တည်ရှိနေပါတယ်။ တတိယသင်္ဂါယနာတင်ပြီး ကိုးတိုင်းကိုးဌာန သာသနာပြုခရီးစဉ်တွင် အသောကမင်းတရားကြီးရဲ့ သားတော် ရှင်မဟိန္ဒ၏သာသနာပြုမှုဖြင့် သာသနာစည်ပင်ပြန့်ပွားခဲ့တဲ့ နိုင်ငံလေးပါ။ သီဟိုဠ်တွင် လမ်းကျဉ်းလမ်းကျယ်တိုင်း၌ ရဟန္တာမဖြစ်ဖူးးသော လမ်းဟူ၍မရှိ။ လမ်းဘေးဆွမ်းစားဇရပ်တိုင်း ရဟန္တာမဖြစ်ဖူးသော ဆွမ်းစားဇရပ်မရှိဟု ပင် ပြောစမှတ်တွင်ကျန်ရစ်ခဲ့တဲ့ အရပ်ဒေသတစ်ခုဖြစ်ပါတယ်။ အရင်ကသီဟိုဠ် အခုတော့ သီရိလင်္ကာ နိုင်ငံဖြစ်ပြီး လမ်းဘေးတိုင်း၌ ဆွမ်းစားဇရပ်အစား စေတီပုထိုးများ တည်ထားတာ ကို တွေ့နေရပါတယ်။

သီဟိုဠ်နိုင်ငံတွင် ရုပ်ချင်းအင်မတန်ဆင်ပြီး ချောမောလှပတဲ့ မင်းသားလေးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါး ရှိခဲ့ပါတယ်။ အဲဒီလို ရုပ်ချင်းလည်းတူ၊ ချောမောလှပတာချင်းလည်း တူနေတဲ့အတွက် သီဟိုဠ်ရှိ ပြည်သူတွေအားလုံးဟာ ဘယ်သူကပိုလှတယ်ဆိုတာကို ခွဲမရဖြစ်နေကြလို့ တစ်ယောက်နဲ့ တစ်ယောက်လည်း သဘောထားခြင်းမတူ ဖြစ်နေကြလေရဲ့။ ကိုရင်လေးက လှတယ်ထင်တဲ့ လူနဲ့ မင်းသားလေးက လှတယ်ထင်တဲ့လူနဲ့ တစ်အိမ်တည်းမှာတောင် သဘောထားခြင်း မတူဘဲဖြစ်နေကြလို့ နေ့စဉ်လိုလို အငြင်းပွားမှုတွေ ဖြစ်နေကြရပါတယ်။

မောင်ကြီးကတော့ ကိုရင်လေးက ပိုလှတယ်ထင်တယ်။ မျက်နှာတော်ကလေးကလည်း ရွှင်လို့ချိုလို့ ကြည့်ရသူရင်ထဲမှာ အေးချမ်းတယ်။ ဒါကြောင့် မောင်ကြီးတော့ ကိုရင်လေးက ပိုလှတယ်ထင်တယ်လို့ ခင်ပွန်းဖြစ်သူက ကိုရင်လေးဘက်ကပါသော်လည်း နှမကတော့ မောင်ကြီးထင်သလိုမဟုတ်ဘူးတော့ မင်းသားလေးက ပိုလှတယ်ထင်တယ်။ မင်းသားလေးကို မြင်ရုံနဲ့ နန်းတွင်းက အပျိုမဟေသီတွေရော မြို့သူ၊ မြို့သားတွေကပါ သည်းသည်းလှုပ် ကြိုဆိုကြတာတွေ့ရတယ်။ မင်းသားလေးက ပိုလှလို့ပေါ့တော့ မဟုတ်ဘူးလားမောင်ကြီးဟု ညနေစာထမင်းစားနေရင်း ဇနီးမောင်နှံနှစ်ယောက်တို့ စကားနိုင်လုနေကြတာ ပါ။
         ငွေရှင်ကြေးရှင် သူဌေးတို့အိမ်မှာလည်း မောင်တော် ကြားပြီးပြီလား။ မြို့ထဲမှာ အုတ်အော်သောင်း နင်းနဲ့ ငြင်းခုံနေကြတယ်တော့။ နှမတော်တို့အိမ်ဂေဟာမှာ အမြဲဆွမ်းခံကြွနေတဲ့ ကိုရင်လေး နဲ့ ရွှေနန်းတော်ကြီးထဲက ပြည့်ရှင်မင်းတရားကြီးရဲ့သားတော် မင်းသားလေး ရုပ်အဆင်း အင်္ဂါကလည်း အတော်တူနေတယ်တော့။ ရင်ချင်းဆက်အမွှာ ညီတော်နောင်တော် လို့တောင် ပြောလို့ရတယ်။ မြို့သူမြို့သားတွေကတော့ ရုပ်ချင်းတူတဲ့ ကိုရင်လေးနဲ့ မင်းသားလေးတို့ကို ကိုရင်လေးက ပိုသပ္ပါယ်တယ် ပိုလှတယ်။ တချို့ကလည်း မင်းသားလေးက ပိုလှတယ် လို့ ပြောနေကြတယ်။ မောင်တော်က ဘယ်သူကပိုလှတယ်လို့ ထင်သလဲမောင်တော်ဟု ချစ်နှမရဲ့ မေးခွန်းထုတ်ခြင်းကိုခံရတဲ့ သူဌေးကြီးခင်များလည်း အင်း….မောင်တော်ကတော့ အတူတူလှတယ်လို့ ထင်ပါတယ်ကွယ် ဟုသာ ဖြေနိုင်လေတော့တယ်။

          ဓနိတဲလေးနဲ့ ပုံးညှက်ပင်အောက် အေးချမ်းစွာဖြင့် လက္ဘက်သုပ်နှင့်ရေနွေးသောက်နေကြတဲ့ အမြှော်အမြင်ရှိတဲ့ ဦးရီးတော်တစ်ယောက်လည်း အငြိမ်မနေရပေ။ လူငယ်တစ်သိုက်ရောက်လာပြီး ဦးရီးတော် အဖြေမှန်ရပြီလား။ ကျွန်ုပ်တို့မေထားတဲ့မေးခွန်းလေ။ ကိုရင်လေးနဲ့ မင်းသားလေး ဘယ်သူက ပိုချောလဲဟု အိမ်ခြံဝင်းထဲ ၀င်လာကတည်းက သူ့ထက်ငါ အပြိုင်လှမ်းမေးကြတယ်။ အေး လာကြကွယ် တူတော် တူမတော်တို့ ဦးရီးတော် စဉ်းစားထားပါတယ်။ အရင်ဆုံး ဦးရီးတော်တဲထဲက ဖျာလေးယူပြီး ထိုင်ကြကွယ်ဟု အပြုံးနှင့်ခရီးကြိုပြီး ဓနိတဲလေးဆီ လက်ညှိုးညွှန်ပြလေတယ်။

          ဖျာလေးပေါ်ထိုင်ပြီး အမျိုးသမီးလေးများက " ဦးရီးတော် ရွှေနန်းတော်ထဲက မင်းသားလေးက ပိုလှတယ်နော် ဟုတ်တယ်မဟုတ်လား ဦးရီးတော်"ဟု မိန်းကလေးတို့သဘာဝအတိုင်း ငြင်းကြခုံကြရင် သူတို့ဘက်ကို အနိုင်ပေးစေလိုတဲ့ စိတ်ကလေးဖြင့် ဦးရီးတော်ကို စွဲဆောင်ကြတယ်။ ယောက်ျားလေး များကလည်း အရှုံးမပေးလိုတဲ့စိတ်နဲ့ "မဟုတ်ဘူးနော် ဦးရီးတော် ကိုရင်လေးက ပိုလှတယ်နော်" ဟု ပြန်ပြောကြလေတယ်။ ဒီအခါမှာ ဦးရီးတော်က အေး တူတော်မောင်တို့ ပြောတာလည်းဟုတ်တယ်။ တူမတော်တို့ပြောတာလည်း ဟုတ်တယ်ကွယ့်။ ကိုရင်လေးနဲ့ မင်းသားလေးဟာ ဥပဓိရုပ်ချင်းကလည်း အတော်တူသကိုးကွဲ့။ အရပ်အမောင်း ခန္ဓာအချိုးအစား ခွဲခြားလို့မရဘူးကွယ်။ မင်းသားလေးကို သင်္ကန်းဝတ်ပြီးပုံဖော်ကြည့်တော့လည်း ကိုရင်လေးအတိုင်းပဲ။ ကိုရင်လေးကို မင်းသားဝတ်စုံလေးဝတ်ပြီး ပုံဖော်ကြည့်တော့လည်း မင်းသားလေးအတိုင်းပဲ။ ဦးရီးတော်အမြင်တော့ အတူတူလှတယ်လို့ မြင်တယ်ဟု ကြားနေ၀ါဒဖြင့် ဖျန်းဖြေပေးရလေတယ်။

ကိုရင်လေးနဲ့ မင်းသားလေးတို့ရဲ့ ရုပ်လှချင်းပြိုင်ဆိုင်မှုဖြစ်နေတာက မြို့တွင်းမှမြို့စွန်။ မြို့စွန်မှတဆင့် တောရွာဇနပုဒ်များအထိ ပျံ့နှံ့ကူးဆက်လေတယ်။ နံနက်လင်းလာသည်နဲ့ ဘယ်သူက ပိုလှသလဲဆိုတာကိုသာ ဆွေးနွေးနေကြတယ်။ ဘုရင်မင်းတရားကြီးနဲ့ မှူးကြီးမတ်ရာ သေနာပတိ အပါအ၀င် ကိုရင်လေးကပဲ ပိုလှသလား၊ မင်းသားလေးကပဲ ပိုချောသလားဟု အတိအကျ အဖြေထုတ် မပေးနိုင်ပေ။ ဒီလိုနဲ့ ဘုရင်မင်းကြီးဟာ အမိန့်တစ်ခုထုတ်ပြန် ကြေညာလိုက်ရတယ်။ ဒီကနေ့ ကနေ နောက်(၇)ရက်ပြည့် တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ကိုရင်လေးနဲ့မင်းသားလေး တို့ နှစ်ဦးထိပ်တိုက်တွေ့ဆုံပြီး ဘယ်သူကပိုလှတယ်ဆိုတာကို ဆုံးဖြတ်မယ်လို့ ပြည်သူပြည်သားအားလုံးကို အသိပေးကြေညာပြီး ပြိုင်ပွဲရက် သတ်မှတ်ပေးလိုက်လေတယ်။ 

ဒီလိုနဲ့ တန်ဆောင်မုန်းလပြည့်နေ့လည်းရောက်ရော ကိုရင်လေးရဲ့ မိဘနှစ်ပါးတို့ဟာ သားတော်မောင် ကိုရင်လေး ကြည်ညိုသပ္ပါယ် လှပစေရေးအတွက် သင်္ကန်းအသစ်ကလေးချုပ်၊ ဦးခေါင်းလေးကို စိမ်းနေအောင် ရိတ်ထားပြီး သစ်လွင်သောသင်္ကန်းအသစ်ကလေးနဲ့ မိမိတို့ရဲ့ သားတော်ကိုရင်လေးကို အများပြည်သူက ပိုလှပတယ်လို့ သြဘာပေးခြင်းခံရအောင် ပြင်ဆင်ပေးကြတယ်။

ဘုရင်ရွှေနန်းတော်ထဲမှာလည်း မိဖုရားခေါင်ကြီးဟာ မိမိရဲ့သားတော် မင်းသားလေး အနိုင်ရရှိစေရေးအတွက် ကောင်းပေဆိုတဲ့ ပိုးထည်များဝတ်ဆင်ပေးခြင်း။ အဖိုးတန်ခြေညှပ်ဖိနပ် အသစ်များ ဆင်မြန်းပေးခြင်း။ ဖြီးလိမ့်ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်ပေးနေတယ်။ ဘုရင်ကြီးကလည်း အားကျမခံ မိမိ၏ဘုရင် မင်းမြောက်တန်ဆာငါးပါးတို့ကို ၀တ်ဆင်စေပြီး ကိုရင်လေးနဲ့ ယှဉ်ပြိုင်ခိုင်း လေတယ်။

တဖြည်းဖြည်းနဲ့ ယှဉ်ပြိုင်ပွဲကလည်း နီးလာလေပြီ။ ယှဉ်ပြိုင်ပွဲတွင်လာရောက်ကြည့်ရှုမည့် ပရိ သတ်တွေကလည်း တဖွဲဖွဲနဲ့ရောက်လာကြတယ်။ ပြိုင်ပွဲသို့ သူ့ထက်ငါ နေရာရအောင် အပြိုင်တိုးဝှေ့ နေရာယူနေကြတယ်။ အဘိုးကြီးအဘွားကြီးများကလည်း လူငယ်များနဲ့အပြိုင် တိုးဝှေ့မရမှန်းသိပေမဲ့ ဒီလိုယှဉ်ပြိုင်မှုမျိုးကိုဖြင့် အားပေးလိုက်ရမှဟူသော ဇွဲကလေးနဲ့ တိုးဝှေ့နေရာ ယူကြလေတယ်။ ဘုရင်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ ကြွလာကြောင်းအမတ်တစ်ဦးက အသံပြုအချက်ပေး လိုက်မှ လူထုပရိသတ် ငြိမ်သွားတယ်။

မကြာမီ မင်းသားလေးဟာ ယှဉ်ပြိုင်မှုမပြုခင် အနားယူမည့်နေရာကိုလာတဲ့အခါ ပရိတ်သတ် အားလုံးက မင်းသားလေးသာ အလှဆုံးပါ။ မင်းသားလေးနိုင်မှာပါစသည်ဖြင့် တခဲနက် ကြွေးကြော်ကြ တယ်။ ယှဉ်ပြိုင်ဖို့ အချိန်ကားကပ်နေပြီ။ ယခုအချိန်ထိ ပြိုင်ဘက်ကိုရင်လေးကား ကြွမလာသေးပေ။ မိဘနှစ်ပါးနဲ့ ကိုရင်လေးက ပိုလှတယ်လို့ ထောက်ခံခဲ့ကြတဲ့ ပရိသတ်ကား ရင်တထိတ်ထိတ်နဲ့ ကိုရင်လေးလာမည့်လမ်းကို မျှော်နေကြတယ်။ ယခုအချိန်ဆို ကိုရင်လေး ကြွလာသင့်ပြီ။ မင်းသားလေးတောင် ယှဉ်ပြိုင်ဖို့နေရာယူနေပြီ။ ဘယ်လိုဖြစ်ပါလိမ့်။ ယှဉ်ပြိုင်ပွဲမတက်တော့လို့များလား ဟု တွေးသူကတွေးနေလေပြီ။ မင်းသားလေးကိုထောက်ခံတဲ့ လူတချို့က ကိုရင်လေးရှုံးမှာကြောက်လို့ မတက်တာနေမှာဟု မကြားတကြား တီးတိုးစကားတို့ ပြောဆိုနေကြလေတယ်။

ကိုရင်လေးကြွမလာလေလေ မင်းသားလေးအဖို့တော့ ပြုံးလေလေ။ မင်းသားလေး ပြုံးလေလေ သူ့ရဲ့အလှတရားတို့က ပေါ်လွင်လေလေဖြစ်နေတယ်။ မင်းသားလေးရဲ့ အလှတရားနောက် မျောနေကြတဲ့ လူထုပရိသတ်တို့ကား တန်ဆောင်မုန်းလပြည့် ညနေခင်းဆည်းဆာရဲ့ အလှနဲ့အပြိုင် ပြုံးနေသော မင်းသားလေးကို ကြည့်နေစဉ် သပိတ်ကလေးပိုက် သင်္ကန်းရုံလေးနဲ့  ဣနြေ္ဒရရလေးကြွလာတဲ့ ကိုရင်လေးကိုမြင်လိုက်ရတဲ့အခါ ကိုရင်လေးမိဘနဲ့ ပရိသတ်တွေက ဟေး….ကိုရင်လေးလာပြီ၊ ကိုရင်လေးက ပိုလှတယ်ကွလို့ အော်လိုက်တော့မှ ပရိသတ်တွေရဲ့ အကြည့်ကား ကိုရင်လေးထံ ရောက် သွားကြလေတယ်။ ကိုရင်လေးဟာ ဣနြေ္ဒရရပင် သူယှဉ်ပြိုင်ရမည့် နေရာသို့ကြွလာတယ်။ မင်းသားလေးဟာ ကိုရင်လေးမလာခင်ကတော့ ပြိုင်ဘက်မရှိတော့ဘူးဟူသော အထင်နဲ့ပြုံးနေနိုင်ပေမဲ့ ပြိုင်ဘက်ပေါ်လာတဲ့အခါ ခက်ထန်ဒေါသမာန်မာနဖြစ်ပြီး မောက်မာတတ်သောမင်းသားလေးများရဲ့ ထုံးစံအတိုင်း သူလိုမင်းသားတစ်ပါးနဲ့ လာရောက်ယှဉ်ပြိုင်ဝံ့တဲ့ ကိုရင်လေးအပေါ် မကျေနပ်တဲ့ အမူ အရာတွေ ပေါ်လွင်လာတယ်။

မင်းသားလေးမာနတရားတွေ တက်နေသလောက် ကိုရင်လေးမှာကား တည်ငြိမ်နေတယ်။ ကိုရင်လေးတည်ငြိမ်လေလေ မျက်နှာတော်က ကြည်လင်လေလေဖြစ်နေတာကို တွေ့ရသော အခါ ရောက်လာကြတဲ့ ဘုရင်ကြီးနဲ့မိဖုရားခေါင်ကြီးတို့အပါအ၀င် လူထုပရိသတ်အားလုံးတို့ဟာ "ကိုရင်လေးရဲ့ အလှတရားက ပို၍အေးချမ်းတယ်"ဟု တစ်ပြိုင်နက်တည်း ထောက်ခံလိုက်ကြတယ်။ ယှဉ်ပြိုင်ပွဲကြီးကား မဲရေတွက်စရာမလိုဘဲ ပြီးဆုံးသွားလေတယ်။ ဒီသာဓကကိုကြည့်မယ်ဆိုရင် အလှတရားဆိုတာ သူ့ကုသိုလ်ကံနဲ့သူ ပါလာကြပေမဲ့ အဲဒီအလှတရားအပေါ်မှာ မာန်မာန၊ လော ဘ၊ ဒေါသတွေမရှိမှသာ အလှတရားဆိုတာ ပိုမိုထင်ရှားစေတယ်။ မည်မျှပင် လှပနေစေကာမှု အဲဒီအလှတရားပေါ်မှာ မာန်မာနတွေ ဖုံးလွမ်းထားလိုက်ပြီဆိုရင် ရှိနေပြီးသား အလှတရားဟာ မာန်မာနတို့ရဲ့ လွှမ်းမိုးမှုကြောင့် ပျောက်ဆုံးသွားကြပါတယ်။

ဒါကြောင့် ရုပ်လှချင်သူဟာ ယခုဘ၀မှာလည်း စိတ်ဆိုးဒေါသထွက်ခြင်း၊ မာန်မာနထားခြင်းများ မရှိမှလှပနေမှာ ဖြစ်ပါတယ်။ စိတ်ဆိုးဒေါသတရားများ မိမိမျက်နှာပေါ်မှာ နေ့စဉ်လိုလိုကင်းစင်နေမှ ရုပ်ကြည်လှပတဲ့ ဓာတ်သဘာဝလေးဟာ နောက်နောင်ဘ၀ထိ ပါသွားမှာမို့ နောက်နောင်တွင်လည်း လှပနေသူသာ ဖြစ်ပါလိမ့်မယ်။ မျက်မှောက်ဘ၀မှာ ဒေါသမာန်မာနကြီးသူဆိုလျှင်တော့ ဒီဘ၀မှာလည်း မလှပသလို နောက်နောင်ဘ၀မှာလည်း အဲဒီမာန်မာနဒေါသတရားတွေဟာ ဓာတ်သဘာဝအနေနဲ့ လိုက်ပါသွားမှာမို့ လှပတဲ့လူတစ်ယောက် ဖြစ်လာတော့မှာမဟုတ်ပေ။ ယခုလည်း မင်းသားလေးနဲ့ ကိုရင်လေးတို့ဟာ အလှပချင်းတူနေကြပါတယ်။ ဒါပေမဲ့ ကိုရင်လေးက မျက်နှာကိုတည်ကြည်အောင် ထားပြီး မင်းသားလေးက မျက်နှာပေါ်မှာ မာန်မာနဒေါသတွေဖြစ်လာအောင် ပြုလုပ်လိုက်လို့ သူရဲ့အလှတရားဟာ ပျက်ကွယ်သွားခဲ့လို့ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အလှတရားဆို တာ ဒေါသမာန်မာနတို့မရှိခြင်းက အဓိကအကျဆုံးဆိုတာ သိထားဖို့ပါပဲ။

အလှယှဉ်ပြိုင်ပွဲလေး ပြီးဆုံးသွားပြီးနောက် ကိုရင်လေးဟာ အောက်သို့မဆင်းသေးဘဲ မင်းသားလေးဘက်လှည့်ပြီး "ငါ လှည်းတဲ့အမှိုက်ကို ကျုံးတဲ့ကောင်ကများ ငါ့ကိုလာပြီး ပြိုင်ရတယ်လို့" ဟုပြောလိုက်သောအခါမှပင် မင်းသားလေးလည်း ကိုရင်လေးကို ရှိးခိုးတောင်းပန်ရှာတယ်။ ဆရာအရှင် တပည့်မိုက်ကိုခွင့်လွှတ်တော်မူပါဘုရားဟု လျှောက်ထားတောင်ပန်ရင်း အတိတ်ကအကြောင်းအရာတွေ ကို ပြန်လည်မှတ်မိလာလေတယ်။

အရင်ဘ၀က မင်းသားလေးဟာ ဘုန်းတော်ကြီးကျောင်းသားတစ်ယောက်ဖြစ်တယ်။ ဆရာဘုန်းကြီး က နေ့စဉ်တံမြက်လှည်းတာကို ၀တ်တစ်ခုအဖြစ်သတ်မှတ်ကာ ကျောင်းဝင်း သန့်ရှင်းရေးလုပ် တိုင်း ကျောင်းသားလေးဟာ အမြဲအမှိုက်ကျုံးရတယ်။ အဲဒီအမှိုက်ကျုံးခြင်းကုသိုလ်ကြောင့် ယခုဘ၀တွင် မင်းသားလေးလာဖြစ်ပြီး ယခုကိုရင်လေးကား အရင်ဘ၀က အမိုက်လှည်းတဲ့ ဆရာသမားဖြစ်ခဲ့တယ် ဆိုတာကို ကိုရင်လေးက ပြန်ပြောပြမှ သိရှိသွားကြလေတယ်။

ထိုနေ့ထိုအခါမှစ၍ သီရိလင်္ကာနိုင်ငံတွင် တံမြက်လှည်းခြင်းကို ၀တ်တစ်ခုအဖြစ် ယနေ့တိုင်တွေ့နေရတယ်။ သီရိလင်္ကာနိုင်ငံတွင် ပညာလာသင်ကြသော မြန်မာရဟန်းတော်များဟာ ဒီနိုင်ငံရောက်လာလျှင် အများအားဖြင့် သီရိလင်္ကာဘုန်းကြီးကျောင်းများမှာ နေကြရတယ်။ ဘုန်းကြီးကျောင်း ရောက်လာတဲ့ ရဟန်းတော်တိုင်းကိုလည်း တံမြက်လှည်းမှ သီရိလင်္ကာဘုန်းကြီးများက သဘောကြတယ်။ တံမြက်မလှည်းလျှင် goback makutarama. ဟု ပြောလေ့ရှိတယ်။ မကုဋာရာမဆိုသည်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မြန်မာကျောင်းတော်ဖြစ်တယ်။ သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းရှိသော်လည်း နေရာမလုံလောက်မှုကြောင့် တချို့သံဃာများက အိမ်ငှားနေကြသလို တချို့က သီရိလင်္ကာဘုန်းကြီးကျောင်းတွေမှာ နေကြပါတယ်။ သီရိလင်္ကာ ဘုန်းကြီးကျောင်းတွင် တံမြက်လှည်းခြင်းကို  နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်လှည်းပေးရတယ်။ အကယ်၍မလှည်းလျှင်လည်း bante sweep sweep. ဟု ပြောလေ့ရှိတယ်။ ပညာလာသင်ကြတဲ့ မြန်မာရဟန်းတော်များကား နေရာမြဲဖို့ကတစ်ကြောင်း၊ တံမြက်စည်းလှည်းလျှင် " သူများစိတ်ကြည် ကိုယ်စိတ်ကြည်၊ တလီနတ်ချစ်ခင်" ဆိုသည့်အတိုင်း အကျိုးကျေးဇူးများတယ်ဆိုတာကို သိနေတဲ့အတွက် နေ့စဉ်နေ့တိုင်း ပညာရှာရင်း တံမြက်စည်းလှည်းခြင်းဝတ်ကို ဖြည့်ကျင့်ပေးရပါတယ်။

       အနှစ်ချုပ်၍ကြည့်မည်ဆိုရင် ကိုရင်လေးနှင့်မင်းသားလေးတို့ဟာ အတိတ်ဘ၀က တံမြက်စည်း လှည်း အမှိုက်ကျုံးခဲ့တဲ့ကုသိုလ်ကြောင့် ယခုဘ၀တွင် အင်မတန်လှပတဲ့ အကျိုးကျေးဇူးများကို ခံစားခဲ့ရတယ်။ တံမြက်လှည်းတဲ့ကုသိုလ်ကြောင့် ကိုရင်လေးဟာ နောက်ဆုံးတွင် ရဟန္တာအထိဖြစ်သွားခဲ့ တယ်။ ဒါန၊သီလ၊ဘာဝနာတွေ ဖြည့်ကျင့်ဆည်းပူး ပွားများနေမှ နိဗ္ဗာန်ထိအကျိုးပေးနိုင်သည်မဟုတ် ယခုလိုတံမြက်စည်းလှည်းရတဲ့ ကုသိုလ်လေးသည်လည်း နိဗ္ဗာန် အထိ အကျိုးပေးနိုင်သည်ကို သိစေလိုတာကြောင့် ယခုလို ရေးသားတင်ပြပေးလိုက်ရခြင်း ဖြစ်ပါပေတယ်။ စာဖတ်ပရိသတ်အားလုံး လိုက်နာကျင့်သုံးနိုင်ပြီးသကာလ မိမိတို့ပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်……။

ယခုတစ်ပါတ် ဂျာနယ်ပါဆောင်းပါးလေးပါ။ ဂျာနယ်ကိုတော့ http://www.shadejournal.com/2012/05/shade-journal.html မှာ ဒေါင်းလော့ဆွဲလိုက်ပါ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
ခေတ္တ-မြန်မာပြည်
ဖုန်း-09-420064265



0 comments:

Post a Comment

Powered by Blogger.