Tuesday, November 8, 2011

ကိုယ့်အကြောင်း ကိုယ်ဖော်တာပါ

ဦးဇင်း မြန်မာပြည်ပြန်စဉ်က ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့ပါတယ်။ မိမိသာသနာပြုခဲ့တဲ့ တောင်တန်းဒေသက ကလေးတွေကို ယဉ်ကျေးမှုသင်တန်း၊ ကွန်ပျုတာသင်တန်း ပေးခဲ့တာတွေလည်း ဓာတ်ပုံတွေ ရိုက်ခဲ့တယ်လေ။ အဲဒါ ဓာတ်ပုံတွေ အကုန်ပျောက်နေတာ ရှာမရဘူးဖြစ်နေတာ ဒီနေ့မှပဲ တက္ကသိုလ်မှာ ဓာတ်ပုံပေးဖို့ Hard Disk ထဲမှာ လိုက်လံရှာမှပဲ တွေ့တာနဲ့ ဆိုဒ်ထဲမှာသိမ်းထားတာက ပိုစိတ်ချရပါတယ်ဆိုပြီး ဆိုဒ်ထဲမှာသိမ်းရင်း facebook မှာပါ တင်လိုက်တာပါ။ ဒီနေ့တော့ ဒီလောက်ပဲ အချိန်ရတာမို့ နောက်မှကျန်တာတွေကို ဆက်တင်ပါဦးမယ်။
အောက်ပုံက ဦးဇင်းရဲ့ မိသားစု ဓာတ်ပုံပါ။ အပေါ်ပုံကတော့ ဦးဇင်း 01.04.2004 တုန်းက မိဘများရဟန်းခံပေးစဉ်က ရိုက်ထားတဲ့ပုံပါ။ ဦးဇင်းရွာကတော့ မုံရွာ-ရေဦးကားလမ်းဘေးမှာမို့ အိမ်ကတော့ ဈေးရောင်းကြတယ်လေ။ ရွာနာမည်က လက်ပန်မြောက်ရွာ၊ နယ်က ဘုတလင်နယ်၊ တိုင်းကတော့ စစ်ကိုင်းတိုင်းထဲမှာ။ မုံရွာမြို့နဲ့ဆို တစ်နာရီလောက်ကားစီးရတယ်လေ။ အစကတော့ မိဘတွေက မုံရွာမှာပဲ ဈေးရောင်းကြတယ်။ ဦးဇင်းဆယ်နှစ်သားလောက်မှာ ရွာက အဘိုးဖြစ်သူဆုံးသွားတာနဲ့ အဖွားတစ်ယောက်တည်းမို့ ရွာကလယ်ယာတွေကို ထိန်းသိမ်းရင်းနဲ့ မိဘတွေဟာ ရွာမှာပဲ ဈေးရောင်းနေကြတယ်လေ။

ဦးဇင်းမှာတော့ ညီမနှစ်ယောက်ပဲ ရှိပါတယ်။ နှစ်ယောက်လုံးကိုလည်း သူများပေးလိုက်ရပါပြီ။ ညီမတွေနား ရပ်နေတဲ့လူတွေက ဦးဇင်းညီမ ခင်ပွန်တွေပါ။ အင်း အများအတွက် လုပ်ပေးချင်တဲ့လူဆိုတော့ ကိုယ့်ကပဲ သူများကိုပေးလိုက်ရပြီး ကိုယ့်ကတော့ ပြန်မယူဘဲ နစ်နာခံလိုက်တာပေါ့လေ။ ဘဲစားဘဲချေဆိုတဲ့ စကားဟာ ဦးဇင်းအတွက်တော့ မမှန်တဲ့စကားလို့ ပြောရမှာပဲ။ ကိုယ့်ကပဲ ပေးလိုက်ရပြီး ကိုယ့်က မယူလို့လေ။

ဒါပြင် ဦးဇင်းတို့လို သံဃာတွေသာ များများရှိနေရင် ကမ္ဘာပေါ်မှာရှိတဲ့ ကောင်လေးတွေ ပျော်နေကြမှာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်လျှော့တော့ တစ်ယောက်သူတို့အတွက် ပိုနေလို့လေ။ ဒါကြောင့်လည်း မြန်မာပြည်က ကောင်လေးတွေရော မိန်းကတွေပါ ထင်တိုင်းဖြစ်နေကြတာ ထင်ပါတယ်။ တကယ်ဆို ကောင်လေးတွေဟာ သံဃာတွေကို ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ပြိုင်လုမဲ့လူ နည်းသွားပြီး စိတ်ကြိုက်ပွေလို့ ရလို့ပါ။ အဲဒါကြောင့်မို့များ ခုခေတ်လူငယ်တွေ ပွေနေကြတာလား မသိပါဘူး။ အင်း လျှောက်တွေးကြည့်တာပါ။ ဘာရယ်လို့မဟုတ်ဘူး။ စိတ်ထဲပေါ်လာတာကို ရေးချလိုက်တာ။

ခုတော့ အချိန်မရလို့ ဒီလောက်ပဲ စိတ်ကူးပေါက်ရာ ရေးလိုက်ပါတယ်။ နောက်မှ စိတ်ကူးပေါက်တာတွေ ရေးချပါဦးမယ်။ ဦးဇင်းကတော့ ပွင့်ပွင့်လင်းလင်းပဲ။ ပြောစရာရှိရင်လည်း ဘယ်သူမှမရှောင်ဘူး ပြောချလိုက်တယ်။ ရေးစရာရှိရင်လည်း ဘယ်သူမှမရှောင်ဘူး ရေးပစ်လိုက်တယ်။ ပွင့်လင်းလွန်းလို့လည်း အများကမကြိုက်ရင်တော့ ကမ္မသကာပေါ့လေ။




0 comments:

Post a Comment

Powered by Blogger.