Sunday, October 2, 2011

လောကနီတိကျမ်းဟာ အားလုံးအမှန်တွေလား

အမေး။ ။ လောကနီတိမှာ လာတာတွေအားလုံးကို အမှန်ချည်းလို့ ယူဆလို့ရပါသလားဘုန်းဘုန်း။ ဥပမာ….လောကမှာ အတတ်သင်ခြင်း။ ဥစ္စာရှာခြင်း။ တောင်တက်ခြင်း။ ဒေါသထွက်ခြင်း။ ကာမဂုဏ်ကို အလိုရှိခြင်းတို့ကို ဖြည်းဖြည်းမှန်မှန်သာ ဆောင်ရွက်ရမယ်။ ဒါမျိုးလေးတွေကို ပြောတာပါ။ တပည့်တော်မသိတဲ့အတွက် သိသလောက် ရှင်းပြပေးတော်မူပါဘုရား။

ဖိုးသား။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

အဖြေ။ ။ နီတိဆိုတဲ့ ဝေါဟာရဟာ ညွန်ပြခြင်းလို့ အဓိပ္ပါယ်ရတယ်။ လောကနီတိ-လောကကိုညွန်ပြခြင်းလို့ ဆိုလိုတာပေါ့၊ အမျိုးလေးပါးရဲ့ အကျိုးငှါရေးသားမယ်ဆိုပြီး လောကနီတိကျမ်းကို စတုရင်္ဂဗလ အမတ်ကြီးက ရေးသားခဲ့ပါတယ်။ ဒီနီတိကျမ်းကို ပင်းယခေတ် သက္ကရာဇ်(၆၆၀)ခန့်မှာ ရေးသားခဲ့တယ်။ အဲဒီခေတ်က မင်း၊ ပုဏ္ဏား၊ ကုန်သွယ်၊ လယ်လုပ် အမျိုးလေးပါး ထင်ရှားခဲ့တယ်။ ဒါကြောင့် လောကနီတိ ကျမ်းကို ရေးသားတဲ့နေရာမှာ(ဗြဟ္မဏ) ပုဏ္ဏားတို့ရဲ့ ကျမ်းစာများမှတချို့ကို မလွဲသာဘဲ ထည့်ယူရေးသား ထားပါတယ်။ ဒါကြောင့်လည်း ပကိဏ္ဏကကဏ္ဍမှာ တချို့ဂါထာတွေဟာ ဗြဟ္မဏအယူအဆရှိတဲ့ ဂါထာတွေဖြစ်နေတာကို တွေ့နေရပါတယ်။

ဥပမာ.. သမ္ပုဏ္ဏရက္ခော ဗြဟ္မာဝ၊ အစ္စုရက္ခော စ ဗိဿဏော။ တသ္မာ ဟိ တေ ပူဇယန္တု ၊ သဒါ မာနေန္တိ တံ နရံစတဲ့ ဂါထာလိုမျိုးပါ။ အဓိပ္ပါယ်က ဗြဟ္မာကသာ သင်ပုဏ်းကို စောင့်တယ်၊ ဗိဿနိုးနတ်ကလည်း ကမ္ဗလွေကို စောင့်တယ်၊ ဒါကြောင့် အတတ်သင်သူဟာ ဗိဿနိုးကို ပူဇော်ကြရမယ်စတဲ့ စကားတွေဟာ ဗြဟ္မဏအယူဝါဒကလာကြောင်း ထင်ရှားနေပါတယ်။ ၄င်းဂါထာများ ရေးသားထားတဲ့ အခန်းဟာ ပကိဏ္ဏက အခန်းဖြစ်ပါတယ်။ သို့သော်လည်း တစ်ခြားကဏ္ဍတွေမှာတော့ ဘုရားဟောတော်မူတဲ့ ပါဠိတော်ထဲက များစွာတွေ့ရပါတယ်။ ဥပမာ….“တဂရဉ္စ ပလာသေန၊ ယော နရော ဥပနယှတိ”ဆိုတဲ့ ပဏ္ဍိတအဆုံးက ဂါထာဟာ ဣတိဝုတ်ပါဠိတော် (၂၄၁)ကဂါထာဖြစ်တယ်။ “သဗ္ဗိရေ၀ သမာသေထ”ဆိုတဲ့ သုဇနကဏ္ဍအခန်းက ဂါထာဟာ အသီတိနိပါတ် မဟာသုတိသောမဇာတ်က ဂါထာဖြစ်တယ်။

တစ်ခြားလည်း များစွာရှိပါသေးတယ်။ ဆိုလိုတာက လောကနီတိကျမ်းမှာ ဘုရားဟောနဲ့ ဗြဟ္မဏ အယူတို့ပါ ရောနှောပါဝင်နေတာမို့ တချို့ဂါထာတွေကို ဗဟုသုတရရုံသာ မှတ်ယူသင့်တဲ့အပြင် အနှစ်သာရအားဖြင့်တော့ မမှတ်ယူသင့်ပါ။ ယခုဖိုးသားမေးတဲ့အထဲမှာ ပါဠိလိုက “ သိနေ သိပ္ပံ သိနေ ဓနံ ၊ သိနေ ပဗ္ဗတ မာရုဟံ။ သိနေ ကမဿ ကောဓဿ ၊ ဣမေပဉ္စ သိနေ သိနေ” ဆိုတာပါ။ ဒီဂါထာဟာ လောကလူသားများအတွက် အကျိုးရှိ/မရှိဆိုတာကို စဉ်းစားကြရအောင်ပါ။ ပညာတစ်ခုကို မြန်မြန်သင်ရင် မတတ်တဲ့အပြင် မကျွမ်းကျင်ပါဘူး။ ဒါကြောင့် ပညာသင်ရင် ဖြေးဖြေးသင်ယူရပါမယ်။ တောင်တက်တဲ့အခါ အမြန်တက်သွားရင် မွန်းကျပ်ပြီး လိုတဲ့ခရီးမရောက်နိုင်ဘူး။ ဒါကြောင့် တောင်တက်ရင် ဖြေးဖြေးတက်ရမယ်လို့ ဆိုပါတယ်။ ဒေါသအထွက်မြန်ရင် အမှားပါပြီး မဖြစ်သင့်တာ ဖြစ်တတ်တယ်။ ဒါကြောင့် ဒေါသအထွက် နှေးရတယ်။ ကာမဂုဏ်နဲ့ပတ်သက်ပြီး အဆင်းကာမဂုဏ်တွေ၊ ဥပမာ TVကို တစ်နေ့လုံး ထိုင်ကြည့်ရင် ဘာအကျိုးမှ မဖြစ်ထွန်းတဲ့အပြင် အခန့်မသင့်ရင် ကျန်းမာရေးတောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို တအားမကြည့်ဘဲ ဖြေးဖြေးခြင်း ကြည့်ရမယ်လို့ဆိုတယ်။

ထို့အတူ အသံ၊အနံ့၊ အရသာ၊အထိအတွေ့စတာတွေကိုလည်း ဖြေးဖြေးချင်း အလိုရှိရမယ်လို့ဆိုတာဟာ သဘာဝကျတဲ့အတွက်လက်ခံရမှာပါ။ နောက်ဆုံးပြောလိုတာက ထေရ၀ါဒရှုထောင့်ကနေကြည့်ရင် လောကနီတိကျမ်းလာ အယူအဆတချို့ဟာ မှားယွင်းနေတဲ့အတွက် အမှန်တွေချည်းပဲလို့ ယူဆမရနိုင်တဲ့အကြောင်း ဖြေကြားပေး လိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

0 comments:

Post a Comment

Powered by Blogger.