Sunday, October 30, 2011

စွန့်လွတ်ပြီးမှတော့ ဘယ်ရတော့မလဲ အမေရယ်

ဘာဖြစ်လို့ ပြည်ပကို ထွက်ရတာလဲ အပိုင်း(၂)

တချို့က တွေးမိကြပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ သံဃာများအတွက် အကောင်းဆုံးနိုင်ငံဖြစ်ပါလျက် ဘာကြောင့် ပြည်ပကိုထွက်ပြီး ပညာသင်နေကြတာလဲလို့။ ဒါဟာလည်း အများအကျိုးတွက်မို့ ထွက်နေကြတာပါ။ ကိုယ့်အတွက်ဆို ဦးဇင်းပြောခဲ့သလို မြန်မာပြည်မှာ အေးဆေးနေလို့ ရပါပြီ။ ဒါပေမဲ့ ပြည်ပထွက် ပညာသင်ရခြင်းဟာ နိုင်ငံခြားသားတွေရဲ့ အတွေးအခေါ်ပညာတွေ လိုချင်တာရယ်၊ ကမ္ဘာသုံးဖြစ်တဲ့ ဘာသာစကားကို ကျွမ်းကျင်စွာနဲ့ နိုင်ငံခြားသားများကို ပြောနိုင်ချင်တာရယ်ကြောင့်ပါ။
ဥပမာ-မြန်မာပြည်မှာလည်း ဘယ်စာမဆို သင်လို့ရပါတယ်။ အဲဒီလိုသင်လို့ရလို့လည်း မြန်မာပြည်က တတ်သင့်သလောက်သောစာတွေကိုသင်ခဲ့ပါပြီ။ ပြည်ပမှာပညာသင်ထွက်ရတာဟာ ပြည်ပကနိုင်ငံခြားသားများရဲ့ အတွေးအခေါ်တွေ၊ ငြင်းခုံမှုတွေကို ဘယ်လိုပြန်လည်ချေပနိုင်အောင် လုပ်ရမလဲဆိုတာတွေ သိချင်လို့ပါ။ ဦးဇင်း ခု ကျမ်းတင်တဲ့အခါ ကျမ်းတင်တဲ့ခေါင်းစဉ်ကစပြီး ငြင်းခုံမှုတွေနဲ့ စတင်ပြောဆိုနေရပါပြီ။ ဒါတောင် အစပဲ ရှိပါသေးတယ်။ နောက်ပိုင်း ဒေါက်တာဘွဲ့ပြီးထိဆို (၅)နှစ်တောင် ငြင်းခုံမှုတွေ လုပ်ရဦးမှာဆိုတော့ ဘယ်လောက်များ ပညာတွေ ရလိုက်မလဲ။ အဲဒီတော့ ဒီလို မိမိက ငြင်းခုံမှုတွေကို အံတုနိုင်ပြီဆိုရင် တခြားနိုင်ငံတွေမှာ သာသနာပြုတဲ့အခါ သူတို့ကငြင်းရင် ကိုယ်က ပြန်လည်ချေပနိုင်စွမ်း အရန်သင့်ရှိနေပြီပေါ့။

နောက်တစ်ခုက မြန်မာပြည်မှာဆို မြန်မာလူမျိုးတွေနဲ့ အတွေ့များတာ မို့ မြန်မာစကားပဲ နေ့စဉ် ပြောဖြစ်နေတာများပြီး အင်္ဂလိပ်စကား အပြောနည်းပါတယ်။ အဲဒီတော့ အင်္ဂလိပ်စကား အသံထွက်တွေ၊ နှုတ်နှေးမှုတွေက မကောင်းဘဲဖြစ်နေပါ တယ်။ ပြည်ပမှာကျတော့ နေ့စဉ်လိုလို အင်္ဂလိပ်လိုပဲ ပြောနေရတော့ နှုတ်လည်း သွတ်လာတယ်၊ ပြောရဲဆိုရဲလည်း ရှိလာတယ်။ အသံထွက်တွေလည်း ပီသမှုများလာပါတယ်။

ဦးဇင်းကို ဘာကြောင့် မြန်မာပြည်မှာ ကောင်းကောင်းမွန်မွန်နဲ့ စားသောက်မနေဘဲ ပြည်ပကို ထွက်လာပြီး အစားဆင်းရဲမှုတွေနဲ့ နေနေရတာလဲလို့မေးရင် ဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံတွေကို သွားရောက်ပြီး သူတို့ကို ဟောပြောကာ သူတို့ရဲ့ငြင်းဆိုမှုတွေကို ပြန်လည်ချေပနိုင်အောင် ပညာသင်ရခြင်းဖြစ်ပါတယ်လို့ ဖြေရမှာပဲ။ တကယ်လည်း ဒီလိုပဲ စိတ်ကူးထားတာပါ။ ငါ ဘွဲ့ရအောင်လုပ်မယ်။ ပညာတွေစုံအောင် လေ့လာမယ်၊ ပြီးရင် နိုင်ငံတွေလှည်လည်ပြီး တရားဆွေးနွေးမှုတွေ၊ ငြင်းခုံချေပမှုတွေ လုပ်မှာပါ။ ငြင်းခုံမှုဆိုတာက အနောက်တိုင်းသားတွေဟာ ပြောတိုင်းမယုံတဲ့အတွက် ကိုယ့်ပြောတဲ့ဟာကို စောဒကတတ်ပြီး ငြင်းမှာသေချာတဲ့ အတွက် အဲဒါတွေကို ချေပရမှာမို့ ငြင်းခုံချေပမှုတွေလုပ်မယ်လို့ ပြောရတာပါ။

အဲဒီလို လုပ်ပေးချင်တဲ့စိတ်ကူးပေါ်လာလို့လည်း ပြည်ပထွက်ပြီး ပညာသင်ခိုင်းမဲ့လူ၊ ထောက်ပံ့မဲ့လူမရှိဘဲနဲ့ မိမိရတဲ့ ၀တ္ထုငွေလေးတွေကို သာသနာ့တက္ကသိုလ်ကနေ ကျောင်းပြီးကတည်းက သုံးနှစ်တိုင်တိုင် ပညာသင်စရိတ်အတွက် စုထားတာပါ။ ဒီကိုလာဖို့ ငွေလည်း နည်းနည်းစုမိတာနဲ့ မိဘများကို ပြည်ပထွက် ပညာသင်ချင်တယ်။ သားမလောက်သေးတဲ့ပိုက်ဆံ ပေးပါဦးလို့ သွားတောင်းတဲ့ခါ မိဘများက ပြည်ပကို လုံးဝမထွက်စေချင်ပါဘူး။ ဒါဟာလည်း မိဘတိုင်းက ကိုယ့်သားသမီးနဲ့ဝေးရာကို မနေချင်ကြတာ ဓမ္မတာမို့ မိဘများကို နားလည်ပါတယ်။

ဒါပေမဲ့ ဦးဇင်းက အများအတွက်ကြောင့် ထွက်ချင်တာဆိုတော့ မိဘတွေ လက်မြှောက်အရှုံးပေးလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိဘတွေပဲ ကိုယ့်သားကို အများအတွက်ဆိုပြီး သာသနာဘောင်မှာ နေခွင့်ပေးထားပြီးသား ဖြစ်နေလို့ပါ။ သူတို့အတွက်ဆို သူတို့ကို လုပ်ကိုင်ကျွေးဖို့ သာသနာဘောင်မှာ မနေခိုင်းဘဲ သူတို့နားမှာပဲ နေခိုင်းမှာပေါ့။ ခု သူတို့ကိုယ်တိုင်ကိုက အများအတွက် လုပ်စေချင်တာကြောင့် သာသနာဘောင်မှာ နေခိုင်းပြီးပြီဆိုမှတော့ ဦးဇင်းကို သူတို့တားလို့ မရတော့တာပါ။ ဒါကြောင့် သံဃာများရဲ့ မိဘဆိုတာ ကျန်တဲ့နေရာကို မကြည့်ပါနဲ့ ဒီလို မိမိသားကို အများအတွက် စွန့်လွှတ်ပေးထားခြင်းကိုပဲ အတော်တော်တဲ့ မိဘတွေလို့ ချီးကျုးထိုက်နေပါပြီ။

ဒါကြောင့် ဦးဇင်းမိဘတွေဟာ ကိုယ့်သားကို အများအတွက် စွန့်လွှတ်ပြီးသားမို့ ရင်ကွဲခံကာ ပြည်ပကိုထွက်ခွင့်ပြုပေးလိုက်တဲ့အပြင် သူတို့ရှိတဲ့ရွှေလေးတွေကိုပါရောင်းပြီး ဦးဇင်းစုထားတဲ့ ပညာသင်စရိတ်မလောက်တာကို ဖြည့်ပေးလိုက်ပါတယ်။ အဲဒီအခါတုန်းက ဦးဇင်းကိုယ်တိုင်လည်း မိဘများရဲ့ ကိုယ့်သားပေါ်ထားတဲ့ စေတနာမေတ္တာတွေ။ အများအတွက် ကိုယ့်သားကို စွန့်လွှတ်ပေးမှုတွေကို နားလည်ခံစားရပြီး မျက်ရည်မကျအောင်ထိန်းကာ ရင်ထဲမှာတော့ ၀မ်းနည်းမှုတွေဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ မိဘတွေကို ဒီလိုလုပ်ပေးနိုင်တဲ့အတွက် ချီးကျုးမိပြီး ၀မ်းမြောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဦးဇင်းကိုလည်း တချို့က မေးကြပါတယ်။ သာသနာ့ဘောင်မှာနေရတာ ပျော်လားတဲ့။ လူမထွက်ချင်ဘူးလားတဲ့လေ။ အင်း အဲဒီလိုမေးလာတဲ့အခါ ဦးဇင်းကလည်း ပွင့်ပွင့်လင်းလင်း ဖြေပေးလိုက်ပါတယ်။ လောကီလူသားတွေ ပျော်နေတာကိုမြင်ရလို့ဖြစ်စေ၊ မိန်းကလေးချောချောလေးကို မြင်ရလို့ဖြစ်စေ လူထွက်ချင်စိတ်ပေါ်လာရင် ငါဟာ အများအတွက်ပြုလုပ်ပေးခြင်း၊ မိဘကျေးဇူးကိုဆပ်ခြင်းဖြင့် ဒီဘ၀ကို အဆုံးသတ်မယ်လို့ ဆုံးဖြတ်ထားတာ။ ဒါကြောင့် လူထွက်ချင်စိတ်ပေါ်တိုင်း အဲဒီစိတ်နဲ့ ဖြေဖျောက်ပစ်တယ်လို့ ဖြေပေးလိုက်ပါတယ်။ တကယ်တော့ ဦးဇင်းလည်း ပုထုဇဉ်လူသားမို့ ပျော်ပါးချင်စိတ်တွေ၊ ကာမဂုဏ်ခံစားချင်စိတ်တွေ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ လူဆိုတာ စိတ်ဓာတ်တစ်ခုကို မိမိက အနိုင်ယူထားရင် မိမိအတွက် အနှောက်အယှက်ဖြစ်မဲ့ဟာတွေကို တားဆီးနိုင်ပါတယ်။ အဲဒီလို စိတ်ဓာတ်တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုကိုသာ ပိုင်ဆိုင်မထားဘူးဆိုရင်တော့ မိမိအတွက် နှောက်ယှက်မှုများကို ပယ်ဖျက်နိုင်မှာ မဟုတ်ပါပေ။ တကယ်တမ်းသာ ဒီဆုံးဖြတ်ချက်ကို ပိုင်ဆိုင်မထားဘူးဆိုရင် ဦးဇင်းလည်း ဆယ်တန်းဖြေစဉ်ကတည်းက လူဘောင်သို့ ကူးပြောင်းသွားလောက်ပါပြီ။ သို့သော် ဒီစိတ်ဓာတ်ကို ယခုချိန်ထိ ပိုင်ဆိုင်နိုင်အောင် စောင့်ထိန်းထားနိုင်ဆဲပါပဲ။

ဒါကြောင့် နောက်နောင်မိဘများရော သားသမီးများပါ ဒီလို အများအတွက် ကိုယ့်ကျိုးများစွန့်လွှတ်ပြီး သာသနာတော်ပြန့်ပွားအောင်၊ သူတော်ကောင်းတရားများထွန်းကားအောင် လုပ်ပေးနေမယ်ဆို ရင် မြတ်ဗုဒ္ဓရဲ့သာသနာဟာ ဘယ်သောအခါမှ မှေးမှိန်သွားလိမ့်မည် မဟုတ်ပါပေ။

0 comments:

Post a Comment

Powered by Blogger.