Saturday, October 29, 2011

ဘာဖြစ်လို့များ ပြည်ပကို ထွက်လာရတာလဲ

ဦးဇင်းနေတဲ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ International Buddhism Centre ကျောင်းမှာ မနေ့ညက အိန္ဒိယဘုန်းကြီးတစ်ပါးရောက်လာတာနဲ့ စကားဝိုင်းပြောဖြစ်ကြတယ်။ ကျောင်းနာမည်ကလည်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစင်တာဆိုတော့ နိုင်ငံခြားသားသံဃာများက ဒီကျောင်းကို လာတည်းကြတာ များတယ်ထင်ပါတယ်။ ခု စကားပြောဖြစ်တဲ့ သံဃာတွေက သီရိလင်္ကာ၊ ကမ္ဗောဒီယား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာဦးဇင်းနဲ့ ငါးပါးစုပေါင်းပြောဖြစ်ကြတယ်။ လူမျိုးငါးမျိုး၊ စကားငါးမျိုးကို ပေါင်းစည်းပေးနိုင်တာက ကမ္ဘာသုံးစကားဖြစ်နေတဲ့ အင်္ဂလိပ်ပေါ့။ လူချင်း၊ စကားချင်းသာမတူတာပါ။ ဒါပေမဲ့ မြတ်ဗုဒ္ဓသားတော်တွေအဖြစ်က တူနေကြတော့ စိတ်နေစိတ်ထားတွေကတော့ အားလုံးအတူတူပါပဲ။ ခင်မင်ရင်းနှီးစွာနဲ့ ပြောဆိုဆက်ဆံကြပါတယ်။
စကားပြောရင်းနဲ့ ဘယ်ကိုရောက်သွားလဲဆိုတော့ ဦးဇင်းတို့နိုင်ငံကို ရောက်သွားတယ်။ ရောက်သွားတာကလည်း အိန္ဒိယဘုန်းကြီးက ဦးဇင်းကိုဘယ်နိုင်ငံသားလဲလို့မေးတော့ ဦးဇင်းက မြန်မာကလို့ပြောတဲ့အခါ အိန္ဒိယဘုန်းကြီးကပြောပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ သံဃာများအတွက် အကောင်းဆုံးနေရာပါတဲ့။ စာပေသင်ကြားမှု၊ တရားဘာဝနာအားထုတ်မှု၊ စားသောက်စရာပေါများမှု၊ ဒကာ၊ ဒကာမများ၏ စေတနာပေါများမှုဟာ မြန်မာနိုင်ငံကို မမှီပါဘူးတဲ့။ မြန်မာနိုင်ငံဟာ စေတနာသဒ္ဓါတရား အကောင်းဆုံးနိုင်ငံပါတယ်တဲ့လေ။

နောက်ပြီး သူကပဲ ဦးဇင်းကို ဆက်ပြောသေးတယ်။ မင့် ဘာဖြစ်လို့ ဒီနိုင်ငံမှာလာပြီး အားလူးနှင့်အုန်းခြစ်ဆံတွေ၊ ဆန်နီကြမ်းတွေ လာစားနေတာလဲတဲ့။ မင့်နိုင်ငံမှာဆို မင့်ကောင်းကောင်းမွန်မွန် စားရတယ် မဟုတ်လားတဲ့လေ။ အင်း ဦးဇင်းလည်း စဉ်းစားမိပါတယ်။ ဒီမှာက သူပြောသလို အုန်းခြစ်ဆံတွေထောင်းထားတဲ့ဟင်းရယ်၊ အားလူးကိုငရုပ်သီးနဲ့ ကြော်ထားတာရယ်ပဲ စားရတာများပါတယ်။ မြန်မာပြည်က ကိုရင်ငယ်လေးတွေ ဆွမ်းခံစားတဲ့ဟင်းလောက်တောင် မကောင်းရှာပါဘူး။ မြန်မာပြည်မှာ ကိုရင်ဘ၀က ဆွမ်းခံထွက်ခဲ့တုန်းက ဆီမပါတဲ့ ခရမ်းသီးကို စားရတဲ့အခါ အရသာ မရှိဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရောက်မှ အဲဒီဟင်းဟာ အရသာရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံကဟင်းတွေဟာ ဆီမပါလို့ပါပဲ။ ဆီပါတဲ့ဟင်းကျတော့လည်း မြန်မာနိုင်ငံမှာ ခေါင်းလိမ်းတဲ့ အုန်းဆီတွေမို့ ဘယ်လိုမှ စားမရပါ။

သို့သော် အများကောင်းကျိုးအတွက် ပညာလာသင်တဲ့အခါမှာ ကိုယ်ကောင်းကျိုးကို ငဲ့နေမယ်၊ စဉ်းစားနေမယ်ဆိုရင် မိမိလုပ်တဲ့အလုပ်ဟာ တန်ဖိုးမရှိဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မိမိအကျိုးအတွက်ဆို မြန်မာပြည်နေပြီး ရိပ်သာမှာဖြစ်စေ၊ တောရွာမှာဖြစ်စေ နေထိုင်ကာ တရားလေးလုပ်နေရရင် ကောင်းမလားလို့ တွေးမိခဲ့တာကို အများအား အသိပညာဗဟုသုတ ဗုဒ္ဓစာပေတွေကအစ ဖြန့်ဖြူးပေးချင်တာကြောင့် ဒီကိုရောက်လာပြီးမှတော့ ဘယ်လိုဆင်းရဲမျိုးမဆို ခံနိုင်ရည်စွမ်းအား အပြည့်ထည့်နေမယ်လို့ စိတ်ဆုံဖြတ်ထားပြီးသားပါ။

ဆက်လက်ရေးသားလိုက်ပါဦးမယ်။

0 comments:

Post a Comment

Powered by Blogger.