Sunday, October 16, 2011

တွေးမိတွေးရာလေးပါ



ဦးဇင်း သီရိလင်္ကာနိုင်ငံတွင် နေထိုင်တဲ့ကျောင်းမှာ ဘင်္ဂလားဒေ့ရှ်တစ်ပါး၊ ကမ္ဗောဒီယားတစ်ပါး၊ သီရိလင်္ကာ(၂)ပါး အားလုံးပေါင်း (၅)ပါးနေကြတယ်။ ဒီနေ့(16.10.2011) မှာ ကမ္ဗောဒီယားဦးဇင်းတစ်ပါးက သူစပွန်ဆာအလှူရှင်တွေကနေ ဆွမ်းကပ်လှူဒါန်းခိုင်းလို့ဆိုပြီး ကျောင်းရှိသံဃာနှင့်သူတို့ ကမ္ဗောဒီယားသံဃာတွေကို ဦးဇင်းနေတဲ့ ကုလားကျောင်းမှာ နေ့ဆွမ်းကပ်လှူပါတယ်။ ဒါပြင် တစ်ပါးကို ၀တ္ထုငွေရူပီး(၁၀၀၀) မြန်မာငွေဆိုတစ်သောင်းပေါ့။ အဲဒီလည်း လှူဒါန်းပါတယ်။


ထူးခြားတာက အစားအသောက်ပါ။ သီရိလင်္ကာ၊ ကမ္ဗောဒီယားအစားသောက်တွေက ဆီမပါ၊ ဆားမပါတာ များတယ်။ ကမ္ဗောဒီယားအစားသောက်က ထိုင်းအစားသောက်နဲ့ ခပ်ဆင်ဆင်တော့ ရှိပါတယ်။ ၀က်သား၊ ကြက်သားစားတယ်။ ဒါပေမဲ့ ကြော်သည်ဖြစ်စေ၊ ဟင်းချိုလုပ်သည်ဖြစ်စေ ဆီတို့၊ ဆားတို့ မပါဘူး။ အင်း သူငယ်ချင်းတွေဆိုတော့လည်း ၀ိုင်းလုပ်ရင်း ၀ိုင်းစားရင်းနဲ့ အစားသောက်ဗဟုသုတလည်း ရ၊ ဟင်းချက်နည်းလည်း သိရတာပေါ့။

ဒါပြင် အလှူရှင်ရဟန်းနှင့်သူ့ဒကာ၊ ဒကာမတွေအတွက် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဗောဒီယား၊ သီရိလင်္ကာ၊ မြန်မာသံဃာ(၄)မျိုးရဲ့ အသံထွက်တွေနဲ့ ပရိတ်ရွတ်၊ မေတ္တာပို့တွေ လုပ်ပေးကြပါတယ်။ အဲဒီမှာ သီရိလင်္ကာနဲ့မြန်မာက ပါဠိအသံထွက်ခြင်း နည်းနည်းခပ်ဆင်ဆင်ရှိတယ်။ ကမ္ဗောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ် အသံထွက်ကတော့ သိပ်မတူသလိုပဲ။ ကိုယ်ရတဲ့ပရိတ်ရွတ်တာကိုတောင် တော်တော်လေးအာရုံပြု လိုက်ဆိုရတယ်။ ဒါပေမဲ့ ဒါဟာလည်း ကြားမှုမ၀သေးလို့ပါ။ ကြားပါများရင်တော့ နားယဉ်လာမှာပါ။ ဒါပေမဲ့ ပရိတ်ရွတ်တဲ့အခါကျတော့ ညီညီညာညာလေး ဖြစ်နေတာတွေ့ရတော့ ဦးဇင်းလည်း တော်တော်လေး ၀မ်းသာပီတိဖြစ်မိတယ်။ အော်-ဘယ်လိုပဲစကားချင်းမတူပါစေ၊ မြတ်ဗုဒ္ဓစကားတွေကို ရွတ်ဆိုတဲ့အခါမှာတော့ ဒီအသံပဲပါလားလို့ တွေးမိပြီး ၀မ်းသာမှုဖြစ်မိတာပါ။

အဲဒီလိုတွေးရင်းနဲ့ ငါလည်း ငါနဲ့သိတဲ့ ဒကာ၊ ဒကာမတွေ ဒီလိုထူးခြားတဲ့ ကုသိုလ်လေးတွေ၊ အမြင်အာရုံ၊ အသံအာရုံထူးဆန်းလေးတွေ တွေ့ရမြင်ရကြားရအောင် တစ်နေ့ဆွမ်းကပ်နိုင်လောက်တဲ့ ပိုက်ဆံရှိလာ ရင်တော့ မြန်မာကျောင်းမှာရော၊ ကုလားကျောင်းမှာပါ ဆွမ်းကပ်ဦးမယ်လို့ စိတ်ကူးအကြိမ်ကြိမ်ဖြစ်မိပါတယ်။ ဒါပေမဲ့ ပိုက်ဆံကလည်း ကျောင်းကြေးနဲ့ သုံးစရိတ်တောင် မလောက်မငှဖြစ်နေတော့လည်း အသာလေးငြိမ်နေရတယ်လေ။ ကိုယ်ကလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တော့ ကိုယ်ကိုကိုယ်ပဲ ဒုက္ခပေးပြီး ဖြစ်သလိုနေ ဖြစ်သလိုစားနေလိုက်တာပေါ့။ ကိုယ်ကတော့ တကယ်ဆွမ်းကပ်ချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခုလို စာသင်ရန်လာရောက်ကြတဲ့ သံဃာတွေဆိုတာ အစားသောက်ကလည်း မိမိကိုထောက်ပံ့ပေးတဲ့ အလှူရှင်များပေါ်မှာမူတည်ပြီး မရှိရင်မရှိသလို စားသောက်နေထိုင်ရတဲ့ ဘ၀မို့လေ။ တကယ်စဉ်းစားကြည့်ရင် ခုလို ရှားပါးနေတဲ့အချိန်မှာ လှူဒါန်းရတာက ကာလဒါနလည်းဖြစ်သလို လိုအပ်နေတဲ့ချိန်မှာ လှူဒါန်းရခြင်းကြောင့် စားသုံးသူ အလှူခံပုဂ္ဂိုလ်မှာလည်း တကယ်လိုအပ်နေတဲ့အချိန်ဖြစ်လို့ အားရပါးရ စားမှာဖြစ်တဲ့အတွက် အလှူရှင်လည်း ၀မ်းသာအားရဖြစ်ရပြီး ကောင်းကျိုးများမှာမို့ပါ။

ဦးဇင်း တစ်ခါတလေ တွေးမိတယ်။ ဘုန်းကံကြီးမားကျောင်းထိုင်ဖြစ်တဲ့အချိန်ကျမှ ငွေ(၁၀)သိန်းလှူတာနဲ့ ရှားပါးတဲ့အချိန် ငွေ(၁)သိန်းလှူတာ ဘယ်ဟာက ပိုအကျိုးများမလဲလို့။ တကယ်စဉ်းစားကြည့်ရင်တော့ အလှူခံလိုအပ်နေတဲ့အချိန်မှာ လှူဒါန်းဖြစ်လို့ ကာလဒါနဖြစ်သလို အလှူခံဟာလည်း တကယ်လိုအပ်နေတဲ့ အချိန် ရလိုက်တဲ့အတွက် ပိုပြီးတော့ ၀မ်းသာမှာပါ။ ဦးဇင်းကျောင်းထိုင်ဖြစ်လို့ ပေါများနေတဲ့အချိန် မှာ ငွေများစွာလာရောက်လှူဒါန်းပါက ၀မ်းသာမှုတော့ ဖြစ်မှာပါ။ ဒါပေမဲ့ ကျောင်းထိုင်ဖြစ်တဲ့ချိန်ဆို သူ့ဟာသူနဲ့ အဆင်ပြေနေမှာမို့ တကယ်ရှားပါးစွာ လိုအပ်မှုမရှိလှတဲ့အတွက် ၀မ်းသာမှုဟာ ရှားပါးချိန်ရတာလောက်တော့ ဖြစ်မှာမဟုတ်ပေ။ ထို့အတူ အလှူရှင်အတွက်လည်း ငွေများစွာလှူပေမဲ့ ရှားပါးချိန်မှာ ငွေနည်းနည်းလှူတာလောက် အကျိုးပေးများလိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။

ဆရာတော်များ ပြောတဲ့စကားသံကို ဦးဇင်းခဏခဏ ကြားဖူးပါတယ်။ ငါတို့ကို ပညာသင်စဉ်က ရှားပါးနေတဲ့အချိန်ကျတော့ ဟင်းကောင်းတွေ လာမလှူကြဘူးတဲ့။ ခုအသက်ကြီးလို့ မစားနိုင်တဲ့အချိန်ကျမှ ဟင်းကောင်းတွေ လာလာလှူကြတယ်။ ခုမှလှူတော့ ငါတို့က အသက်ကြီးနေလို့ ဘယ်စားနိုင်မလဲတဲ့။ ငါတို့က မစားနိုင်တော့ လှူဒါန်းသူတွေ ဘယ်ဝမ်းသာမှုဖြစ်မလဲတဲ့လေ။ အင်း ဒါဟာလည်း တကယ်သဘာဝကျတဲ့အရာမို့ သင်ခန်းစာယူသင့်တဲ့အရာပါ။

အင်း ပြောရင်းပြောရင်းနဲ့ အဲဒီက ကိုယ်တွေးတဲ့အတွေးကို သူများကိုပြောမိသလို ဖြစ်သွားပြီ။ မထူးတော့ပါဘူးလေ။ ပြောမဲ့ပြောတော့ အကုန်ပြောရတော့မှာပါပဲ။ ဒါပေမဲ့ ခုတော့ မဟုတ်သေးဘူး။ ခုတော့ ကျမ်းအတွက် စာရေးစရာရှိသေးလို့ ဒီလောက်ပဲ နားလိုက်ဦးမယ်။ နောက်မှ ကိုယ်အတွေးလေးတွေ ဆက်ပြောပေးပါတော့မယ်လေ။

0 comments:

Post a Comment

Powered by Blogger.