Sunday, October 9, 2011

သူတို့ပြောတော့လည်း ဟုတ်နေတာပဲ

ဦးဇင်းတို့ သီရိလင်္ကာမှာ တွေ့ကြုံရတဲ့ အခြေအနေတစ်ခုကို တင်ပြပေးချင်ပါတယ်။ ဦးဇင်းတို့ နေထိုင်နေတဲ့ သီရိလင်္ကာနိုင်ငံလူမျိုးတွေဟာ များသောအားဖြင့် အင်္ဂလိပ်စကားကို ထမင်းစား၊ ရေသောက်နေ့စဉ်သုံးစကား လူတိုင်းနီးပါး ပြောတတ်ကြတာ တွေ့ရပါတယ်။ ဒီနိုင်ငံကလူတွေ အင်္ဂလိပ်စကားကို သင်ယူစရာမလိုဘဲ အများသူငှာနားလည်အောင် ဘာလိုများ ပြောတတ်သလဲလို့ လေ့လာစဉ်းစားကြည့်တဲ့အခါ ဒီနိုင်ငံမှာ တခြားနိုင်ငံခြားသားများ နေ့စဉ်လိုလိုလာရောက်သူများရှိသလို နေထိုင်ကြတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီတော့ သူတို့လူမျိုးများဟာ အနည်းနဲ့အများ အင်္ဂလိပ်စကားကို ပြောဆိုနေရတဲ့အတွက် ပြောရင်းဆိုရင်း တတ်သွားကြတယ်လို့ ထင်ပါတယ်။


သူတို့ပြောတဲ့စကားကို လိုက်လံစစ်ဆေးကြည့်ရင် ပြောနည်းမမှန်သလို အင်္ဂလိပ်စာရေးနည်းနဲ့လည်း မကိုက်ညီတဲ့လူတွေ အများကြီးပါ။ ဒါပေမဲ့ သူတို့စကားကို တခြားနိုင်ငံခြားသားများ နားလည်အောင်တော့ ပြောတတ်ကြတာ တွေ့ရပါတယ်။ ဥပမာ-စာရေးသူတို့က ကုလားတစ်ယောက်အား ပစ္စည်းတစ်ခုဝယ်ခိုင်းတဲ့အခါ ဈေးများလှချည်းလားလို့ စောဒကတက်ခဲ့ပါက ပညာမတတ်တဲ့ ကုလားတွေကတောင် အများနားလည်အောင် ဒီလိုပြန်ပြောတတ်တာက you don’t believe you go.လို့ ပြန်ပြောတတ်ကြပါတယ်။

စာရေးသူလည်း စဉ်းစားမိပါတယ်။ အော်-ငါတို့မြန်မာလူမျိုးတွေက မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့လို့ စကားပြောရမယ်ဆိုရင် ၀န်းလေးနေတတ်ကြတယ်။ သူတို့ကို ပြန်ပြောတတ်ဖို့ကလည်း များသောအားဖြင့် ခေတ်ပညာတတ်တွေတောင် မပြောတတ်ကြတာများတယ်။ ဒါဟာ ဘာဖြစ်လို့လဲလို့ စဉ်းစားကြည့်တဲ့အခါ စကားပြောမရဲတာရယ်၊ အလေ့အကျင့်မရှိတာရယ်၊ ကြောက်ရွံ့စိတ်များတာရယ်ကြောင့် ပါ။ တကယ်ဆို မိမိတို့လေးငါးတန်းလောက်က သင်ထားခဲ့တဲ့ အင်္ဂလိပ်စကားလောက်နဲ့ကို တော်ရုံကတော့ အများနားလည်အောင် ပြောပြဖို့အဆင့်အတန်းရှိကြပါတယ်။ ဒါပေမဲ့ အထက်ပါအကြောင်းတို့ကြောင့် အင်္ဂလိပ်စကားမပြောတတ်ခြင်း၊ လူတောမတိုးခြင်းများ ဖြစ်နေရတာပါ။

သီရိလင်္ကာနိုင်ငံမှာရှိတဲ့ တချို့လူတွေဆို ပညာမသင်ခဲ့ရတဲ့လူတွေတောင် အင်္ဂလိပ်လို အများနားလည်အောင် အလေ့အကျင့်ရှိတာကြောင့် ပြောဆိုတတ်ကြတာ များပါတယ်။ တကယ်တမ်း အင်္ဂလိပ်လို ဆက်တိုက်ပြောတတ်ကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ စာသင်ကြရတဲ့အခါမှသာ မိမိတို့နားနဲ့ သူတို့အသံထွက်ကို မယဉ်ပါးသေးတာကြောင့် နားလည်မှုနည်းတာပဲ ရှိပါတယ်။ နောက်ပိုင်း စာသင်ပါများလာရင်တော့ နားယဉ်ပြီး နားလည်လာပါတယ်။

အဲဒီတော့ စာရေးသူပေးချင်တဲ့ အကြံဉာဏ်က အမိမြန်မာလူမျိုးများ အထက်ကပြောခဲ့တဲ့ ကြောက်ရွံ့ခြင်း စတာတွေကို စိတ်ထဲမှာမထားဘဲ နိုင်ငံခြားသားများနဲ့ အင်္ဂလိပ်လိုပြောရတဲ့အခါမှာ ရဲရဲဝံ့ဝံ့နဲ့ပြောဆိုပေးကြဖို့ လိုပါတယ်။ ဒါမှလည်း မိမိတို့သင်ထားခဲ့ရတဲ့ အင်္ဂလိပ်စာများဟာ အသုံးဝင်မှာပါ။ သီရိလင်္ကာနိုင်ငံက ကုလားတွေဟာ အင်္ဂလိပ်စာစည်းကမ်းများကို နားမလည်လို့လည်း ကြောက်ရွံ့မှုမရှိဘူး။ သူတို့တက်သလိုပြောချလိုက်တယ်။ ဒါပေမဲ့ ပြောပါများလာတော့ သူတို့လည်းနောက်ပိုင်း ဘယ်လိုပြော ရမယ်ဆိုတာ သိလာပါတယ်။ စာရေးသူတို့ မြန်မာလူမျိုးတွေက အင်္ဂလိပ်လိုပြောမယ်ဆိုရင် မြန်မာလို စဉ်းစားရတာနဲ့၊ ဂရမ်မာစည်းကမ်းတွေ စဉ်းစားရတာနဲ့ ကြာတော့မှားမှာကြောက်ပြီး မပြောရဲဘဲ ဖြစ်နေကြတာ များပါတယ်။ စာရေးသူကိုယ်တိုင်လည်း သာသနာ့တက္ကသိုလ်တက်စဉ်က မန်းလေးတောင်ပေါ်မှာ နိုင်ငံခြားသား များနဲ့တွေ့ရင် ပြောချင်ပေမဲ့ မှားမှာကြောက်ပြီး မပြောရဲဘဲဖြစ်ခဲ့ပါတယ်။ နောက်ဆုံးနှစ်ရောက်မှ မန်းလေးတောင်ပေါ်တက်ပြီး လေ့ကျင့်ပေးမှ ပြောရဲလာတာပါ။ ခုနိုင်ငံခြားရောက်လာတဲ့အခါကျတော့ ပိုမိုရဲလာပါတယ်။ ဘာမှမကြောက်ရွံ့တော့ဘဲ မိမိတက်သလို အတင်းပြောချလိုက်တာပဲ။ တစ်မျိုးနဲ့နားမလည်ရင် နောက်တစ်မျိုးနဲ့ထပ်ပြောလိုက်တာ အဆင်ပြေတာ များလာပါတယ်။ အဲဒီတော့ အဓိကအကျဆုံးကတော့ ပြောရဲဆိုရဲရှိဖို့သာ လိုတယ်ဆိုတာကို မှတ်ထားကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ ဒါမှလည်း မိမိတို့ အမိမြန်မာလူမျိုးများ အင်္ဂလိပ်စာတိုးတတ်မှုတွေ ဖြစ်လာကြမှာပေါ့လေ။

0 comments:

Post a Comment

Powered by Blogger.