Sunday, September 25, 2011

ရဟန်းတော်များ လူသာမဏေများနှင့် အတူတူစားအပ်ပါသလား

အမေး။ ။ ရဟန်းတော်များဟာ လူ/သာမဏေများနဲ့အတူ ဆွမ်းဘုဉ်းပေးတာဟာ အပ်/မအပ် သိချင်ပါတယ်ဘုရား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၀ိနည်းတော်မှာ ချွင်းချက်အနေနဲ့ရော ရှိပါသေးလားဆိုတာ သိချင်တဲ့အတွက် လျှောက်ထားပါတယ်ဘုရား။
သုခ
ရုရှားဖက်ဒရေးရှင်း


အဖြေ။ ။ ရဟန်းတော်များနှင့် လူသာမဏေများ တစ်ဝိုင်းထဲစားကြတာကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များရဲ့မျက်စိတွင် ရိုင်းနေမည်၊ အရုပ်ဆိုးနေပေလိမ့်မည်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်စေရန် ဖေါ်ပြပေးပါမည်။ ၀ိနည်းတော်လာ အကပ်မြောက်ကြောင်း အင်္ဂါ(၅)ပါး ရှိပါတယ်။

၁။ ကပ်မည့်သူက ရှေးရှုဆောင်ခြင်း။ (ရှေးရှုဆောင်ဆိုတာက လက်ဖြင့် ရှေ့တိုးပေး မှ ရှေးရှုဆောင်ရာ ရောက်တာမဟုတ်သေး၊ ဦးခေါင်းပေါ်တွင်ရွက်ထားတဲ့ စားဘွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ရာရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်ပါတယ်။ အားအလတ်ရှိသူ ကြွမြောက်နိုင်သော ယာဂုအိုးကြီးကို ကလေးများက မကြွနိုင်၍ မြေပေါ်လိမ့်ပြီး ကပ်ရာတွင်လည်း ရဟန်းက လက်ထိုးပေးကာ ထိရုံ၊ ထိ၍ဖြစ်စေ အကပ်ခံနိုင်ပါတယ်။)

၂။ အကပ်ခံမည့် ရဟန်းရဲ့ နှစ်တောင့်ထွာဟတ္ထပါသ်အတွင်းမှာရောက်ခြင်း။

၃။ အားအလတ်စားရှိသူ မြှောက်ချီနိုင်သော ၀တ္ထုဖြစ်ခြင်း။

၎။ ကိုယ်ဖြစ်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ၊ ပစ်၍ဖြစ်စေ၊ ဒီသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်သူကပေးခြင်း။

၅။ လက်စသည်ဖြင့်ဖြစ်စေ၊ ကိုယ်နဲ့စပ်သော ကိုင်ထားသော ခွက်ဒုတ်စသည်ဖြင့်ခံ၍ ထိ၍ဖြစ်စေ ဒီ(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံခြင်း။ ထိုငါးပါးပြည့်စုံမှ အကပ်မြောက်ပါတယ်။ (ပါတိမောက်ဘာသာဋီကာ၊ နှာ ၂၇၁)

တစ်ဖန်…အကပ်ပျက်ကြောင်း(၆)ပါးလည်း ရှိပါသေးတယ်။ စွန့်၊ ချ၊ ပေး၊ လု၊ မစ္စု ၊ လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း။

၁။ (စွန့်) အကပ်ခံပြီးအစာကို မစားတော့ဘူးလို့ အာလယပြတ် (ငဲ့ကွက်မှုမရှိဘဲ) စွန့်လိုက်ခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။ ဒီိလိုစွန့်ရာမှာ လက်ကလွတ်မှ အကပ်ပျက်ပါတယ်။

၂။ (ချ) သိက္ခာချခြင်းကြောင့်လည်း အကပ်ပျက်တယ်။

၃။ (ပေး) သူတပါးကို ပေးခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။ (နှုတ်ကပေးသော်လည်း လက်မလွတ်သေးလျှင် အကပ်မပျက်)။

၎။ (လု) လူစသူတို့ လုယူသောကြောင့်လည်း အကပ်ပျက်ပါတယ်။

၅။ (မစ္စု) သေခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။

၆။ (လိင်ပြန်) ရဟန်းကနေ ရဟန်းမအဖြစ်၊ ရဟန်းမကနေ ရဟန်းအဖြစ်သို့ လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်ပါတယ်။ (ပါတိမောက် ဘာသာဋီကာ၊နှာ- ၂၇၅)

ဒီတော့ကား ခရီးသွားတဲ့အခိုက်တွင် မလွဲမရှောင်သာ၍ စားရလျှင် ပြောစရာလိုပေ၊ တကယ်လို့ သီးခြားခွဲပြီးစားဖို့ရာ အခွင့်အလမ်းရှိနေပါလျက်နဲ့ အတူတူစားကြလျှင် ရဟန်းအတွက် ဘာမျှမဖြစ်သော်လည်း ရဟန်းအောက်နိမ့်ကျသည့် လူစသည်များမှာ ရဟန်းတော်အပေါ် မလေးစားရာ ရောက်သည့်အတွက် အဂါရ၀ ဖြစ်ပါသည်။ အခြေအနေမပေး၍ တစ်ဝိုင်းတည်း စားကြသည်ဆိုရာဝယ် တစ်ဝိုင်းထဲတွင် ရဟန်းအတွက်က သန့်သန့်၊ လူစသည်များအတွက် သန့်သန့် ခွဲခြားပြီးစားလျှင် ရဟန်းအတွက်စားအပ်တယ်ဟု ပြောရချေမည်။

(သူ့ခွက်ကိုယ်နှိုက်၊ ကိုယ့်ခွက်သူနှိုက်ပါက မအပ်ပေ) ဒါဖြင့်ရင် လူတွေက လက်ဖြင့်ယူစားကြတဲ့အခါမှာ ရဟန်းများအတွက် အကပ်မပျက်နိုင်ဘူးလားဟုမေးစရာရှိတယ်။ ဒီအတွက် အကပ်ပျက်ကြောင်း(၆)ပါးအနက် ရဟန်းကစွန့်မှသာ အကပ်ပျက်သည့်အတွက် မစွန့်သေးသမျှ ဘယ်လိုပဲ ကိုယ့်ဆွမ်းဝိုင်းကို လာရောက်ထိကိုင်ပါစေ အကပ်မပျက်ဟု မှတ်ယူရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ခရီးသွားခိုက် အခြေအနေမပေးဘူးဆိုပါက တစ်ဝိုင်းတည်းဖြစ်သော်လည်း ရဟန်းအတွက်သန့်သန့် (ဟင်းခွက်များ)ခွဲခြားပြီး ဘုဉ်းပေးမည်ဆိုပါက ဘုဉ်းပေးနိုင်ကြောင်း မောင်သုခရဲ့ အဖြေကို ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

0 comments:

Post a Comment

Powered by Blogger.