Sunday, September 25, 2011

သာဓုခေါ်တိုင်း ကုသိုလ်ရပါသလား

အမေး။ ။ အရှင်ဘုရား……ဗုဒ္ဓဘာသာဝင်အများစုဟာ သူတစ်ပါးအား အမျှအတန်းပေးဝေလို့ သာဓုခေါ်ဆိုနိုင်ကြရင် သာဓုခေါ်သူမှာ ကုသိုလ်ရတယ်လို့ ဆိုပါတယ်။ ဒီလိုသာ သာဓုခေါ်ရုံမျှနှင့် ကုသိုလ်ရကြစတမ်းဆိုရင် ကုသိုလ်မလုပ်ဘဲ သာဓုချည်းခေါ်တော့မှာပါဘုရား၊ တပည့်တော်သိလိုတာက သာဓုခေါ်သူတိုင်း ကုသိုလ်ရကြပါသလားဆိုတဲ့ တပည့်တော်ရဲ့အမေးကို ဖြေကြားပေးတော်မူပါဘုရား။

ကိုအောင်ဆန်း
ဖရန်စစ္စကိုမြို့


အဖြေ။ ။ ဒီအဖြေအတွက် ကုသိုလ်တရားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဦးစွာပြောကြစို့ရဲ့၊ ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ချမ်းသာသည့်အကျိုးကို ပေးခြင်းလက္ခဏာနှစ်ပါးနဲ့ပြည့်စုံရင် ကုသိုလ်လို့ ခေါ်ပါတယ်။ (ကုသလာဓမ္မာ အန၀ဇ္ဇ သုခ၀ိပါကလက္ခဏာ)၊ ဒီနေရာမှာ အပြစ်ဆိုတာက လောဘစတဲ့ ကိလေသာအပြစ်တွေပါ၊ စိတ်ထဲတွင် ထိုကိလေသာအပြစ်များ တခဏဖြစ်စေ မရှိဘူးဆိုပါစို့၊ အဲဒီစိတ်ဟာ ကိလေသာအနှောင်အဖွဲ့မှ တဒင်္ဂလွတ်ပြီး လွတ်လပ်ပေါ့ပါးကာ ချမ်းသာနေပါလိမ့်မယ်၊ ဒီလို ကိလေသာအပြစ်တွေကင်းပြီး ချမ်းသာနေတဲ့စိတ်ကို ကုသိုလ်လို့ခေါ်တယ်လို့ မှတ်ရပါမယ်။ နားလည်အောင်ပြောရရင် ကောင်းမှုပြုနေတဲ့အခိုက် ထိုကောင်းမှုအတွက် ကြည်နူးဝမ်းမြောက်နေတဲ့စိတ်ဟာ ကုသိုလ်စိတ်လို့ ခေါ်ပါတယ်။

ကုသိုလ်တရားနဲ့ပတ်သက်ပြီး (ပုညကြိယာဝတ္ထု) ကောင်းမှုကိုပြုခြင်း အကြောင်း(၁၀)ချက် ရှိတယ်လို့ဘုရားရှင် ဟောတော်မူထားပါတယ်။ ဒီ(၁၀)ချက်ထဲမှာ ပတ္တာနုမောဒ ကုသိုလ်တစ်ခုလည်း ပါဝင်ပါတယ်။ ဒီဟာက တစ်ပါးသူက ကုသိုလ်အမျှပေးတဲ့အခါ ‘သာဓု..သာဓု….သာဓု’လို့ ၀မ်းမြောက်စွာ သာဓုခေါ်ရင် ပတ္တာနုမောဒနဆိုတဲ့ ကုသိုလ်ရပါတယ်။ ဒီနေရာမှာ သူတစ်ပါးက အမျှပေးဝေသည်ဖြစ်စေ၊ အမျှမပေးသည်ဖြစ်စေ၊ သူတစ်ပါးရဲ့ ကုသိုလ်ကောင်းမှုအပေါ်မှာ ဣဿာ၊ မစ္ဆရိယမဖြစ်ဘဲ ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ရင်လည်း ကုသိုလ်ရပါတယ်။ သက်တော်ထင်ရှားဘုရားရှင်လက်ထက်တော်အခါက နတ်ဒေ၀ါများဟာ လူအများရဲ့ ကုသိုလ်ကောင်းမှုကို ၀မ်းမြောက်စွာ သာဓုခေါ်ကြတဲ့အတွက် ရှိရင်းစွဲစည်းစိမ်ထက်ပိုကာ ချမ်းသာသွားကြသည်ကို ပါဠိတော်များတွင် ဖတ်ရပါတယ်

တစ်ခါတုန်းက အရှင်အနုရုဒ္ဓါလောင်းလျာဟာ ဒီဘဒ္ဒကမ္ဘာမှာ ဆင်းရဲသားအမျိုးမှာဖြစ်ခဲ့ဖူးတယ်။ သူဟာ သုမနလို့ခေါ်တဲ့ သူဌေးရဲ့အိမ်မှာ မြက်ရိတ်သမားဘ၀ဖြင့် အသက်မွေးနေရပါတယ်၊ သူရဲ့နာမည်က ‘ အန္နဘာရ’လို့ခေါ်တယ်။ သုမနသူဌေးက ဗုဒ္ဓဘာသာဝင်ပီပီ အလှူရေစက် လက်နှင့်မကွာဆိုတဲ့အတိုင်း အလှူဒါနကို မပြတ်ပြုလုပ်ပါတယ်။ တစ်နေ့ အန္နဘာရသူဆင်းရဲဟာ ထုံးစံအတိုင်း မြက်ရိတ်ဖို့အတွက် သူဌေးအိမ်ကနေ ထွက်ခဲ့တယ်။ စာရှည်မှာစိုးတဲ့အတွက် ဆိုလိုရင်းကို တိုကျဉ်းပြောပါ့မယ်၊ အန္နဘာရဟာ တစ်နေ့ဥပရိဋ္ဌအမည်ရှိတဲ့ အရှင်ပစ္စေကဗုဒ္ဓါကို ဖူးတွေ့ရတဲ့အခါ ဆွမ်းလှူဖို့အတွက် အိမ်ပြန်ပြီး သူ့အဖို့ချက်ထားတဲ့ထမင်းကို ပြန်ယူပါတယ်။ ရလာတဲ့ထမင်းနဲ့ အရှင်ပစ္စေကဗုဒ္ဓါအား လောင်းလှူလိုက်ပြီး “ တပည့်တော်သည် ဖြစ်လေရာဘ၀ ဆင်းရဲတဲ့အမျိုးမှာ လွတ်ရသည့်အပြင် မရှိဟူသော စကားကိုလည်း မကြားရတဲ့သူ ဖြစ်ရပါလို၏”လို့ ဆုတောင်းလိုက်ပါတယ်။

ဒီအချိန် သုမနသူဌေးအိမ်ရဲ့ တံခါးမှာစောင့်နေတဲ့ ထီးချက်စောင့် နတ်သမီးက အန္နဘာရ ရဲ့ကုသိုလ်ကို ကောင်းချီးပေးလိုက်တယ်။ သူဌေးက “အသင်ထီးချက်စောင့်နတ်…ငါကုသိုလ်ပြုတာ ကြာခဲ့ပြီး အခုမှသာဓုခေါ်ရသလား”ဟုပြောရာ နတ်က “သူဌေးရဲ့ကုသိုလ်ကို ကောင်းချီးပေးတာမဟုတ် အန္နဘာရရဲ့ ကုသိုလ်ကို ကောင်းချီးပေးတာဖြစ်တယ်”လို့ပြောပြီး အန္နဘာရရဲ့ကုသိုလ် တန်ဖိုးကြီးပုံ ကောင်းမြတ်ပုံတို့ကို သူဌေးအား ပြောပြတယ်။ ဒါနဲ့ သူဌေးကလည်း အန္နဘာရကိုခေါ်ပြီး ပြုခဲ့တဲ့ ကုသိုလ်ကို ငွေပေးပြီး ၀ယ်ပါတယ်။ ဆင်းရဲသားက မရောင်းတဲ့အတွက် ငွေကိုတိုးပေးပြီး ၀ယ်တယ်၊ မရောင်းဘူး။ “ဒါဆိုလည်း ကုသိုလ်ရဲ့အဘို့ကို ငါ့အားအမျှပေးပါ” ဟုသူဌေးကပြောရာ အန္နဘာရက အရှင်ပစ္စေကဗုဒ္ဓါထံ အပြေးသွားကာ မေးလျှောက်ပါတယ်။

အရှင်ပစ္စေကဗုဒ္ဓါက “ ဒါယကာ ငါဥပမာနဲ့ပြောမယ်၊ အိမ်ချေတစ်ရာခန့်ရှိတဲ့ ရွာတစ်ရွာမှာ အိမ်တစ်ဆောင်သာ ဆီမီးခွက်ထွန်းထားပါတယ်။ ထိုဆီမီးခွက်မှ မီးကိုကူးယူကာ ကျန်သည့်အိမ် (၉၉)လုံးကို မီးထွန်းပေးလိုက်ရသည့်အတွက် မူလကထွန်းထားတဲ့ အိမ်ကဆီမီးဟာ အရောင်မမိန်သွားတဲ့အပြင် ပိုပြီးတော့ လင်းလက်လာပါတယ်။ ဒီဥပမာလိုပဲ ဒါယကာလှူလိုက်တဲ့ ကုသိုလ်ရဲ့အဘို့ကို အခြားလူများအား အမျှပေးဝေရင် ကိုယ့်ရဲ့ကုသိုလ်ဟာ မလျော့တဲ့အပြင် အမျှပေးတဲ့ကုသိုလ်တစ်ခု ထပ်တိုးလာပါသေးတယ်၊ ဒါ့အပြင် ကုသိုလ်အဘို့ကို သာဓု ခေါ်ရတဲ့သူမှာလည်း ပတ္တာနုမောဒန ကုသိုလ်ရရှိပါတယ်”လို့ အန္နဘာရ မြက်ရိတ်သမားအား ပြောကြားခဲ့ပါတယ်။

အချူပ်ပြောရမယ်ဆိုရင် သူတစ်ပါးရဲ့ ကုသိုလ်အဘို့ကို ၀မ်းမြောက်ဝမ်းသာစွာနဲ့ သာဓု ခေါ်လိုက်တဲ့ခဏမှာ ကုသိုလ်အပေါ် ၀မ်းမြောက်ကြည်နူးတဲ့စိတ်ဖြစ်နေတဲ့အတွက် ထိုသူရဲ့စိတ်ဟာ အပြစ်ကင်းနေပြီး ချမ်းသာနေပါတယ်။ ဒါကြောင့် တစ်ပါးသူရဲ့ ကုသိုလ်အဘို့ကို သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ပြုတဲ့သူနဲ့ထပ်တူ ကုသိုလ်ရပါကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

0 comments:

Post a Comment

Powered by Blogger.