Saturday, September 10, 2011

ဘုရားရှင် မုဒြာရဲ့အဓိပ္ပါယ်

အမေး။ ။ မြတ်စွာဘုရား ထိုင်တော်မူနေတဲ့ပုံတစ်ခုမှာ လက်တော်နှစ်ဘက်ကို ရင်ဘတ်အရှေ့မှာ ကြက်ခြေခတ်ပုံ ယှက်ထားတာကို တွေ့ရပါတယ်။ လက်ညိုးနှစ်ချောင်းနှင့် လက်သန်းနှစ်ချောင်းက အပေါ်ကို ဦးတည်ထားပြီး အလယ်နှစ်ချောင်းစီကထိလျက် အောက်ကို ဦးတည်ထားတာ တွေ့ရပါတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ သိပါရစေဘုရား။

မောင်တိုးနန္ဒ
ဆစ်ဒနီမြို့

အဖြေ။ ။ မောင်တိုးနန္ဒမေးတဲ့ ဘုရားရှင်ရဲ့ မုဒြာပုံဟာ “ဘူတဒါမရမုဒြာ”လို့ခေါ်ပါတယ်။ လက်နှစ်ဘက်ကို ရင်ဘတ်ရှေ့တည့်တည့်လောက်မှာ ယှက်ထားပြီး လက်ဝါးများကို ပြင်ဘက်သို့ လှန်ပြထားတဲ့ လက်ဟန်မျိုး ဖြစ်ပါတယ်။ လက်ထဲတွင် တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိပါ။

တစ်ခါတရံ တခုခုကို ကိုင်ထားသော်လည်း အံ့သြထူးဆန်းတဲ့ အနက်သဘောကို ဆောင်နေပါတယ်။ ဒီမုဒြာကို ဆင်တူပြုထားတဲ့ အခြားတြိလောက ၀ိဇယမုဒြာလည်း ရှိပါသေးတယ်။ ဘူတဒါမရ မုဒြာဟာ အဗ္ဘုတရသ=အံ့သြဖွယ်ရသကိုဆောင်ပါတယ်။ ၀ီရရသ=ရဲရင့်ခြင်း၊ လုံ့လကြီးခြင်း၊ မြင့်မြတ်ခြင်းသဘောကို လည်း ဆောင်ပါတယ်။ ပညာပါရမီဆိုတဲ့ မြင့်မြတ်တဲ့အသိပညာ၊ ၀ီရိယပါရမီဆိုတဲ့ မြင့်မြတ်တဲ့ ကြိုးစားအားထုတ်မှုများကို ညွန်ပြထားတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ (မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ မုဒြာများ၊ စပ်ထွန်းမှတ်ဝင်း)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

2 comments:

min htut said...

ဦးဇင်းဘုရား၊ သူငယ်ချင်းတစ်ယောက်က ဗုဒ ဟာ မြန်မာပြည်ထဲကို ဘယ်တုံးကမှ ၀င်မလာခဲ့ဘူးလို့ ပြောနေတယ်၊ တပြည့်တော်သိသလောက် ယခု ကလေးမြို့နားက အင်းတင် ဆိုတဲ့ရွာမှာ ထန်ဘုရားဆိုတာရှိတယ် အဲမှာ ဘုရားရှင် ၁၀ ၀ါမြောက်မှာ သံဃာ အုပ်စု ၂ ဖက် ၀ိနည်း နဲ့ ပတ်သက်လို့ ဂိုဏ်းကွဲပီး နေတော့ ဘုရားရှင်ဟာ တော ထဲကို တစ်ပါးထဲ ထွက်လာခဲ့ပီး ဆင်တစ်ကောင်ကနေ ဆွမ်းဝတ်ကို နေ့စဉ် ပြုတယ်ဆိုတဲ့ နေရာက အထက်က တပြည့်တော် ပြောတဲ့ အင်းတင်ဆိုတဲ့ရွာ နဲ့ နီးတဲ့နေရာမှာ အထောက်အထား အတော်အတန်ရှိတယ်။ အဲဒီနေရာဟာ ဘုရားရှင်သတင်းသုံးခဲ့ဖူးတဲ့ နေရာဟုတ်မဟုတ် တပြည့်တော် သိချင်လို့ပါ။ အိနိယ နဲ့လဲ အဲနေရာက သိပ်မဝေးတော့ ဖြစ်နိုင်ချေရှိမလား။ တပြည့်တော်လဲ ကိုယ်တိုင်မရောက်ဖူးသေးဘူး အဖို့ပြောပြလို့သာသိရတာ။ အဲဒါလေး ဦးဇင်းသိရင် အထောက်အထားနှင့်တကွပြောပြပါ။

ဆန်နီနေမင်း said...

အဲဒါတော့ ဦးဇင်း သေချာမသိသေးလို့ နောက်သိရင် ပို့စ်ရေးတင်ပေးပါမယ်။

Post a Comment

Powered by Blogger.