Tuesday, September 20, 2011

မလိုအပ်တဲ့နေရာမှာ ဘာ့ကြောင့် စုပုံပြီး လှူရတာလဲ

အမေး။ ။ အရှင်ဘုရား တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေတို့ကို အများကြီးအကုန် အကျခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့။ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက်ပေးကမ်းတာ တွေ့ရပါတယ်။ ဒီလိုနေရာတွေမှာ အကုန်ခံနေမဲ့အစား ကိုယ့်တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ချို့တဲ့တဲ့သူများအတွက် ပညာသင်ထောက်ပံ့စရိတ်၊ စာကြည့်တိုက် စတာတွေကို အများကြီးအကုန်ခံပြီး အကူအညီပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။

အဖြေ။ ။ ဒီလိုအယူအဆတွေ ရှေးကလည်း ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေဦးမယ်၊ နောင်လည်း ရှိနေဦးမှာဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီအယူအဆဟာ ဘာသာခြားများရဲ့ အယူအဆ ဖြစ်နေလို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာသာခြားများအတွက် အတတ်နိုင်ဆုံး အဖြေပေးပါမယ်။ ဒီမေးခွန်းဟာ လူသားအားလုံးသိသင့်တဲ့ မေးခွန်းတစ်ခု ဖြစ်နေတဲ့အတွက် မေးလာသူကို ကျေးဇူးတင်ရဦးမှာပါ။

မိမိပိုင်တဲ့ပစ္စည်းကို သူတစ်ပါးအား ပေးကမ်းတယ်ဆိုတာဟာ စွန့်လွတ်မှု(ရက်ရောမှု)လို့ ခေါ်ပါတယ်။ ဒီရက်ရောမှု စွန့်လွတ်မှုဖြစ်ဖို့အတွက် ပစ္စည်းအပေါ်မှာ မိမိစိတ်က အနှောင်အဖွဲ့ကင်းနေရမှာပါ။ ဒါကို အနှောင်အဖွဲ့ကင်းတဲ့ စွန့်လွတ်မှုဖြစ်သလို အားကြီးတဲ့ စိတ်ဓါတ်အင်အားတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း တဖြည်းဖြည်းလေ့ကျင့် ယူရတာပါ။ အများအားဖြင့် တော်ရုံလူများ မလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။

ယနေ့ကမ္ဘာမှာ အချင်းချင်း သတ်ဖြတ်ညင်းဆဲနေကြတယ်။ သူတစ်ပါးပစ္စည်းကိုလည်း နည်းအမျိုးမျိုးဖြင့် လုယူ၊ဓားမြတိုက်နေကြတယ်။ ကိုယ့်အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဘယ်သူပဲအကျိုးယုတ်ယုတ် လိမ်ပြောဖို့ ၀န်မလေးကြဘူး။ အချို့ကလည်း လူကိုသတ်တာမှ အပြစ်ရှိတယ်၊ သတ္တ၀ါကောင်လေးတွေကိုသတ်က အပြစ်မရှိဘူး၊ ရှေ့ဘ၀ နောက်ဘ၀ မရှိဘူးဆိုတဲ့ ၀ါဒအတွေးအခေါ်တွေ၊ ပေးကမ်းလှူဒါန်းတာတွေဟာ အကျိုးမရှိ၊ အကျင့်သိက္ခာ စောင့်ထိန်းဆောက်တည်တယ်ဆိုတာလည်း အလကားပဲ၊ ဘာမှ အကျိုးမပေးဘူး၊ တကယ်တော့ ဘာသာရေးဆိုတာဟာ လူပျင်းတွေရဲ့အလုပ်လို့ ယူဆနေကြတာဟာ ၀ါဒဆိုးတစ်ခု ဖြစ်ပါတယ်။

ထိုဝါဒဆိုးများရှိတဲ့ နိုင်ငံများဟာ အခုထိရှိနေဆဲပါ။ ထိုဝါဒဆိုးများဖြစ်လာတဲ့အခါမှာ တားဆီးစရာ ဘာလက်နက်ရှိကြပါလဲ၊ အချို့က ဓါး-ဓါးချင်း၊ လှံ-လှံချင်း၊ လက်နက်-လက်နက်ချင်း အပြန်အလှန် တိုက်ခိုက်ပြီး အဖြေရှာကြတယ်။ ကြာလာတော့ နှစ်ဖက်စလုံးမှာ ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပါတယ်။ ဖြေရှင်းမှု မအောင်မြင်ဘူး၊ ဒါဟာ ၀ါဒဆိုးတွေကို ဖြေရှင်းမှုနည်းလမ်း မမှန်လို့ပဲ ပြောရပါလိမ့်မယ်။

ယနေ့ ကမ္ဘာမှာဖြစ်နေတဲ့ ထိုဝါဒဆိုးကို ဘယ်လိုလက်နက်မျိုးနဲ့ ဖြေရှင်းကြမှာလဲ၊ ဘာလက်နက်နဲ့မှ ဖြေရှင်းလို့မရပါဘူး။ အားကောင်းပြင်းထန်တဲ့ စိတ်ဓါတ်အင်အားကို ခံဓါတ်လုပ်ပြီး ထိုဝါဒဆိုးအား ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် စွန့်လွတ်ရက်ရောမှု စတာတွေဖြစ်ပေါ်လာအောင် အခြေခံတဲ့ စိတ်ဓါတ်အင်အားဟာ အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်လို့ပါပဲ။ ဒီစိတ်ဓါတ်အင်အားက တခြားမဟုတ်၊ ဗုဒ္ဓ၀ါဒအရ ယုံကြည်မှု(သဒ္ဓါ)ပင်ဖြစ်ပါတယ်။ တစ်ခုရှိတယ်၊ သဒ္ဓါဆိုတဲ့ယုံကြည်မှုဟာ အခြားဘာသာအများ ယုံကြည်တဲ့ ယုံကြည်မှုမျိုးကို မဆိုလိုပါ။ ပညာနဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုး ဖြစ်ပါတယ်။ ထိုယုံကြည်မှုကြောင့်လည်း ဘုရားကျောင်းကန်စတာတွေမှာ အလှူရေစစ်လက်နဲ့မကွာ ဖြစ်နေကြတာပါလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

0 comments:

Post a Comment

Powered by Blogger.