Thursday, September 22, 2011

ကမ္ဘာကြီး ဘယ်ကစဖြစ်ပါသလဲ

အမေး။ ။ What does Buddhism believe how the world was made? ဗုဒ္ဓဘာသာမှာ ကမ္ဘာကို ဘယ်ကစတာလဲလို့ ယုံကြည်ပါသလဲဘုရား။
မောင်တိုးနန္ဒ
Sydney, Australia

အဖြေ။ ။ တစ်ခြားခြားသော ဘာသာများက ကမ္ဘာကြီးကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ကမ္ဘာကြီးကို ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ သဘာဝတရားက ဖြစ်လာတာပါလို့ ပြောရပါ့မယ်။ လူသားများဟာ ဘယ်ကစတင်ဖြစ်တယ်ဆိုတာ မမြင်နိုင်သလို ကမ္ဘာကြီးဟာ ဘယ်ကစဖြစ်တာလဲဆိုတဲ့ အမေးအတွက် အဖြေမရှိပါဘူး၊ ကြက်ဥအစရှာမရသလိုပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားက ကမ္ဘာကြီး ဖြစ်ပေါ်လာပုံကိုတော့ မိန့်တော်မူထားတာရှိပါတယ်။ အဲဒါကို ခေတ်နဲ့လျော်ညီအောင် ပြောပေးပါမယ်။

မှောင်မိုက်မဲမဲ ဟင်းလင်းပြင်ကြီးအတွင်း တစ်နေရာမှာ ကမ္ဘာစတင်ဖြစ်ဖို့အတွက် ရှေးဦးစွာ ကမ္ဘာပြုမိုးလို့ခေါ်တဲ့ မိုးဖွဲလေးများကျ လာပါတယ်။ ဒါကြောင့် ကမ္ဘာအစမိုးဖွဲကလို့ ပြောရမလိုလိုပင်။ ထိုမိုးဖွဲလေးများဟာ တစတစနှင့် ကြာရိုးလောက်ကြီးလာပါတယ်။ ကြာလာတော့ ၀ါးလုံးလောက် ကြီးလာပါတယ်။ ၀ါးလုံးလောက်ကနေ၊ ကျည်ပွေ့လောက်ကြီးလာပါတယ်။ ကျည်ပွေ့မှတဆင့် ထန်းပင်လုံးလောက် မိုးရေအယဉ်ကြီးပြီး အဆက်မပြတ်ရွာသွန်းတဲ့အခါ ယခင်က ကမ္ဘာမီးလောင်ခဲ့တဲ့နေရာမှာ ရေများပြည့်လာပါတယ်။

ထိုရေများကို အောက်သို့ မဆင်းသွားရလေအောင် “အဇဋာကာသ”လို့ အောက်ဖက်ကောင်းကင် မှ လေအဟုန်ထပြီး အထက်သို့ပင့်တိုက်တင်ထားသလို၊ ရေအယဉ်များ နံဘေးသို့ မထွက်အောင် လေများ ပတ်လည်တိုက်ပြီး တားဆီးပေးထားတယ်။ ရေအယဉ်များဟာ လေကြောင့် အောက်သို့ လည်းမကျ နံဘေးကိုလည်းမထွက်ဘဲ ပဒုမ္မာကြာရွက်ပေါ်က ရေပေါက်များလို တစ်လုံးတစ်ခဲတည်း တည်နေပါတော့တယ်။ ကာလကြာတဲ့အခါ ကမ္ဘာဖြစ်မဲ့ ရေအယဉ်လုံးကြီးဟာ တဖြည်းဖြည်း အောက်သို့လျှောချ ခန်းခြောက်လာပြီး ယခင်က ကမ္ဘာမြေကြီး တည်ရာအရပ်ကိုရောက်တဲ့အခါ အလွန်အားကြီးတဲ့ လေအဟုန်ကြီး တစ်ခု ဖြစ်ပေါ်လာပါတယ်။

ဥပမာ-မတ်ခွက်ကို ဖင်အောက်မှာ အပေါက်ဖေါက်ထားပြီး မတ်ခွက်ထိပ်ကို ပိတ်ထားလိုက် ရင် လေကချူပ်ထားတဲ့အတွက် ရေအောက်ကို မဆင်းတော့ပါဘူး။ ထို့အတူ လေအဟုန်က ရေအယဉ်တွေကို ချူပ်ထားတဲ့အတွက် ရေအယဉ်များ အောက်သို့မလျှောကျဘဲ ရေပြင်ကြီး ရပ်တည်နေပါတယ်။ ဒီလို ရေပြင်ကြီး ရပ်တည်နေလာရာက ကာလကြာတဲ့အခါ ထိုရေအယဉ်များဟာ ရသပထ၀ီလို့ခေါ်တဲ့ မြေအဆီ အဖြစ်သို့ ပြောင်လွဲလာပါတော့တယ်။ (ရေများအနည်ထိုင်လို့ကြာရင် နွံဖြစ်သလို) ထိုရသ ပထ၀ီ မြေအဆီများဟာ နို့ရည်အထက်၌ တက်နေတဲ့ မလှိုင်များလို ကြိုင်မွေးချိုဆိမ့်သော အနံ့အရသာ ရှိတယ်။

ဒီလို ကမ္ဘာသစ်တည်ထောင်မိသော်လည်း လ၊ နေ၊ နေက္ခတ်တို့ မစုံသေးပါဘူး။ လ၊ နေ၊ နေက္ခတ်ပြည့်စုံမှ ကမ္ဘာတည်တာပြည့်စုံတယ်လို့ ဆိုရပါမယ်။ ဒီလိုနဲ့ ရသပထ၀ီ မြေအဆီများတည်နေတဲ့အချိန်မှာ ယခင်ကမ္ဘာပျက်တုန်းကမပါတဲ့ ဗြဟ္မာ့ဘုံမှ ဗြဟ္မာများဟာ ကံအရှိန်ကုန်လို့ဖြစ်စေ၊ သက်တမ်းစေ့လို့ပဲဖြစ်စေ စုတေကြကာ အောက်ဘုံများသို့ ရောက်ခဲ့ကြတယ်။ တချို့ဆိုရင် လူ့ပြည်မှာ ပဋိသန္ဓေ တည်ကြပါတယ်။ (ဆိုလိုတာက ဗြဟ္မပြည်မှ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်တာပါ) ကမ္ဘာဦးလူသားတွေ ဟာ ဗြဟ္မာစိတ် အထုံပါတဲ့အတွက် ကာမစိတ်ကို အားပေးတဲ့ ဣတ္ထိဘာဝ၊ပုရိသာဘ၀ရုပ် မပေါ်သေးပါ။ ကိုယ်ရောင်ကိုယ်ဝါ တို့ဖြင့် ကောင်းကင်မှာ သွားလာနိုင်ကြတယ်။ ဘာအစားအစာမှ မစားရဘဲ ပီတိနဲ့သာ နေနိုင်ကြပါတယ်။

ကာလအတန်ကြာတဲ့အခါ လူတစ်ယောက်လက်ဆော့ပြီး မြေဆီလွှာကို “ဘယ်လိုများနေမလဲ”ဆိုပြီး လက်နဲ့တို့ကာ စားကြည့်တော့ အရသာရှိလှတာ တွေ့ရပါတယ်။“ ကောင်းမှန်းသိ သာအိတစိုစို”ဆိုတဲ့အတိုင်း ထပ်ကာထပ်ကာ လျက်စားပါတော့တယ်။ အတုမြင်အတတ်သင်ဆိုသလို တခြားသူများကလည်း လိုက်ပြီးလျက်ကြည့်ကြရာ နောက်တော့ အဆုပ်လေးလုပ်ပြီး ထမင်းလို စားလာကြပါတယ်။ အဲဒီအခါမှာ အရသာပေါ်တတ်မက်တဲ့ ရသတဏှာဖြစ်လာကာ ကိုယ်ရောင်များပျောက်ကွယ်ပြီး အမှောင်ကြီး ကျရောက်လာတော့တယ်။

ကမ္ဘာဦးလူအများဟာ အမှောင်ကြီးထဲနေရတာ အလွန်ကြောက်ကြတဲ့အတွက် ရဲ့ရင့်စေနိုင်ရန် ကံအားလျော်စွာ အရှေ့လောကဓာတ်မှ ယူဇနာအားဖြင့် (၅၀)မိုင်အားဖြင့် (၄၀၀)ခန့် အချင်းရှိတဲ့ အရောင်ဝန်းကြီးတစ်ခု ထွန်းတောက်လာပါတယ်။ ထိုအရောင်ဝန်းကြီးဟာ ကမ္ဘာ့လူများကို ရဲရင့်စေတတ်တဲ့အတွက် ‘နေ’လို့ခေါ်တွင်ပါတယ်။ သူရံ ဇနေတိ သူရိယံ= အရဲဓါတ်ကိုဖြစ်စေတတ်တဲ့အတွက် သူရိယ (နေ)လို့ ခေါ်တွင်ခဲ့ပါတယ်။ နေ၀န်းကြီးပျောက်သွားတဲ့နောက် ညဉ့်အခါသို့ရောက်သောအခါ လူတွေက“ အရင်ရောင်ဝန်းကြီးနှင့်တူတဲ့ အရောင်တစ်ခု ထပ်ထွက်ရင်ကောင်းမှာပဲ”လို့ ဆန္ဒတွေ ဖြစ်ပေါ်ကြပြန်တယ်။ အလိုဆန္ဒအတိုင်း (၄၉)ယူဇနာ၊ (၃၉၂)မိုင်ခန့်ရှိတဲ့ အရောင်ဝန်းတမျိုး ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ ကမ္ဘာဦးလူသားများ ဆန္ဒအတိုင်းဖြစ်ပေါ်လာတဲ့အတွက် ကာလကြာတဲ့အခါ ဆန္ဒမှ စန္ဒဖြစ်လာပါတယ်။ နေနဲ့လတို့ ဖြစ်ပေါ်လာတဲ့ အခါ အခြားနက္ခတ်များလည်း ပေါ်လာပါတော့တယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံပါပဲ။ (သဂြိလ်ဘာသာဋီကာ၊ နှာ -၃၂၃၊၃၂၄)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

0 comments:

Post a Comment

Powered by Blogger.