Monday, August 15, 2011

အကုသိုလ်ခွဲတမ်း


အမေး။ ။ အရှင်ဘုရား…အကြွေးပေးပြီးလို့ ပြန်မရမှန်းသိတဲ့အခါ ဒီအကြွေးကို ငါလှူလိုက်မယ်လို့ ဆိုပြီး လှူရင် ကုသိုလ်ရပါသလားဘုရား။ နောက်တစ်ခုက ၀ါလတ်လှေ၊ ငါးဝိုင်းလှေတွေရဲ့ အကုသိုလ်ခွဲတမ်းကိုလဲ သိချင်ပါတယ်ဘုရား။
တိုင်းအုပ်ကျော်
မြိတ်


အဖြေ။ ။အကြွေးနဲ့ပတ်သက်ပြီး အကြွေးပေးတဲ့သူ နှစ်မျိုးရှိတယ်။ (၁) အကြွေးယူထားတဲ့ သူက ပြန်မဆပ်နိုင်ဘူးဆိုပါစို့၊ အဲဒီအချိန်မှာ အကြွေးပေးသူက “ချေးထားတဲ့အကြွေးတွေကို သူပြန်မဆပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အကြွေးမဆပ်နိုင်တာကို တွေးပြီး သူစိတ်ဆင်းရဲနေလိမ့်မယ်၊ မတော်လို့သေသွားမယ်ဆိုရင် စိတ်ထားဖြောင့်မှာလဲမဟုတ်ဘူး။ သူဒုက္ခရောက်လိမ့်မယ်၊ မဖြစ်ဘူး၊ ဒီအကြွေးကို ငါမယူတော့ဘူး၊ ဒါမှ သူစိတ်ချမ်းမှာ” လို့နှလုံးသွင်းပြီး၊ “ ယူထားတဲ့အကျွေးတွေကို ပြန်မဆပ်ပါနဲ့တော့” လို့ဆိုကာ အကြွေးယူသူအား အပြီးလှူလိုက်တာပါ။ ဒါဟာ လူသားချင်းစာနာတဲ့သဘောသက်ဝင်နေတယ်၊ မေတ္တာ၊ ကရုဏာ ဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့လဲ ပြည့်စုံနေတယ်။ဒါကြောင့် အကြွေးမရမှန်းသိပေမဲ့ ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်တဲ့ အတွက် အကြွေးပေးသူမှာ ကုသိုလ်ရပါတယ်။

ဒုတိယအကြွေးပေးသူက “ဒီအကြွေးတွေ ငါမရတော့တဲ့အတူတူ လှူလိုက်တာပဲကောင်းတယ်”ဆိုပြီး လှူလိုက်ပါ တယ်။ ဒီဟာက အကြွေးပြန်မရလို့သာ လှူလိုက်ရတာပါ။ တကယ်လို့သာ ပြန်ရမဲ့အခြေအနေရှိရင် လှူမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒုတိယအကြွေးပေးသူဟာ ဘယ်လိုပဲလှူတယ်ပြောပြော ကုသိုလ်မရပါဘူး။

ဒါကြောင့် အကြွေးပေးတဲ့သူ နှစ်ယောက်ထဲမှာ ပထမတစ်ယောက်သာ ကုသိုလ်ရပြီး၊ ဒုတိယတစ်ယောက် ကျတော့ ကုသိုလ်လုံးဝ မရတဲ့အပြင် အကုသိုလ်ပဲ ရမှာဖြစ်တယ်။

ဒုတိယအမေးက…. “အကုသိုလ်ခွဲတမ်း၊ အကုသိုလ်ဝေစု” တဲ့ဘယ်လိုပဲပြောပြော အမေးက ဆန်းသစ်နေတယ်။ လူတွေသိသင့်သိထိုက်တဲ့ အရာမို့ လို့ စိတ်ဝင်စားစရာလဲ ကောင်းလှပါတယ်။

ပါဏာတိပါတကံထိုက်တဲ့အင်္ဂါများရှိပါတယ်။ (၁)သတ္တ၀ါမှန်းသိခြင်း၊ (၂)သတ်လိုတဲ့စိတ်ရှိခြင်း၊ (၃) လုံ့လ အားစိုက်ခြင်း၊ (၄) သေခြင်းဆိုတဲ့ အင်္ဂါလေးချက်နဲ့ပြည့်စုံရင် ပါဏာတိပါတကံထိုက်ပါတယ်။ ငါးဖမ်းလှေမှာ ပါဝင်တဲ့သူများဟာ ဖေါ်ပြပါအင်္ဂါလေးချက်နဲ့ပြည့်စုံနေတယ်ဆိုရင်တော့ ပါဏာတိပါတကံထိုက်ပါတယ်။ မပြည့်စုံရင် မထိုက်ဘူးလို့ပဲပြောရပါမယ်။

ဒီနေရာမှာ မေးခွန်းရှင်သိလိုတာက အကုသိုလ် အနည်းအများကို သိချင်တာဖြစ်တယ်။ ဒါကြောင့် ၀ါလတ်လှေ များ၊ ငါးဝိုင်းလေများနဲ့ပါဝင်ပတ်သက်တဲ့သူများကို စာရင်းကောက်ကြည့်တော့ လှေပိုင်ရှင်၊ ငါးဆရာ၊ ရေရှူး၊ ငါးဖမ်းလုပ်သားများ(လှေသားများ)၊ ပဲ့နင်း၊ စက်မောင်းသူ၊ ကုန်းပေါ်ဈေးဝယ်ပေးသူလို့ သိရပါတယ်။

ထိုသူများအနက် ငါးဖမ်းခိုင်းတဲ့လှေပိုင်ရှင်၊ငါးများများရဖို့ ငါးအုပ်ကိုရှာရတဲ့ ငါးဆရာ၊ ရေရှူး၊ ငါးဖမ်းသမားများ ကတော့ ပါဏာတိပါတကံထိုက်ကြတဲ့သူများဖြစ်ကြတယ်။

ပါဏာတိပါတကံထိုက်တဲ့သူများအနက်အကုသိုလ်ဝေစုအများဆုံးရရှိသူက လှေပိုင်ရှင်ဖြစ်တယ်။ ဒုတိယ အကုသိုလ်အများဆုံးက ငါးများများရနိုင်အောင် ကြောင့်ကြအစိုက်ရဆုံးဖြစ်တဲ့ ငါးဆရာနဲ့ သူခိုင်းတဲ့အတိုင်း လိုက်လုပ်ရတဲ့ ရေရှူးတို့ပဲဖြစ်ပါတယ်။ တတိယအကုသိုလ်အများဆုံးက ငါးဖမ်းတဲ့ လှေသမားများဖြစ်တယ်။ ပဲ့နင်းနဲ့ စက်ဆရာကျတော့ ငါးဖမ်းရာမှာလဲမပါတဲ့အပြင် ငါးဆရာညွန်တဲ့လမ်းအတိုင်း လှေကိုမောင်းပေး ရပါတယ်။ စက်ဆရာဆိုရင်လဲ စက်သာမောင်းနေရတာ ငါးဖမ်းတဲ့နေရာမှာ မပါဝင်ပါဘူး။ ဒါကြောင့် ပဲ့နင်းနဲ့ စက်ဆရာကတော့ ပါဏာတိပါတကံ မထိုက်တာကများပါတယ်။ အကုသိုလ်ဖြစ်တောင်မှ အနည်းဆုံး ပဲ ဖြစ်ကြမှာပါ။ နောက်ဆုံးတစ်ယောက်က ကုန်းပေါ်က ဈေးဝယ်သူပါ။သူက ပိုင်ရှင်ခိုင်းတဲ့ အတိုင်း ဈေးသာဝယ်ပေးရတဲ့အတွက် ပါဏာတိပါတကံမထိုက်ပါဘူး၊ တကယ်လို့ အကုသိုလ် ဖြစ်တယ် ဆိုတာတောင်မှ မပြောပလောက်ပါဘူး။

ဓမ္မပဒအဋ္ဌကထာ၊ ကုက္ကုဋမုဆိုးဝတ္ထုမှာ သောတာပန်မယားက လင်တော်မောင်မုဆိုးကြီး ရဲ့လုပ်ငန်း အတွက် လေးမြားစတာတွေ ယူပေးပါတယ်။ အဲဒီမှာ ရဟန်းတော်များက သောတာပန်ပုဂ္ဂိုလ်ဟာ ပါဏာတိပါတ အမှုပြုသေးလားဆိုတဲ့ ပြဿနာကို ပြောဆိုနေကြတယ်၊ ဘုရားရှင်ရောက်တော်မူလာလို့ မေးတော်မူတဲ့ အခါ သောတာပန်သူ့အသက်သတ်သေးလားဆိုတဲ့ပြဿနာကို ပြောဆိုနေကြတယ်လို့ ရဟန်းတော်များ က ပြန်ဖြေပါတယ်။ အဲဒီမှာဘုရားရှင်က “သောတာပန်ဟာ သူ့အသက်ကိုဘယ်တော့မှ မသတ်တော့ပါဘူး။ လင်ရဲ့အလိုကို ၀တ္တရားအရပြုလုပ်ပေးနေရပေမဲ့ သေစေလိုတဲ့စိတ်မရှိတဲ့အတွက် ပါဏာတိပါတကံမထိုက်ပါ ဘူး။ ဥပမာ အနာမရှိတဲ့လက်နဲ့အဆိပ်ကိုကိုင်ရင် ထိုလက်ကို အဆိပ်မလောင်နိုင်သလို သတ်လိုတဲ့စိတ်မရှိတဲ့ အတွက် လေးမြားယူပေးသော်လဲ အပြစ်မဖြစ်ပါ” လို့ မိန့်ကြားတော်မူပါတယ်။

ဒီကုက္ကုဋမုဆိုးဝတ္ထုသာဓကအရဆိုရင် ပဲ့နင်း၊ စက်ဆရာ၊ကုန်းပေါ်ဈေးဝယ်ပေးသူ သုံးဦးဟာ သေစေလိုတဲ့စိတ်မ ပါရင် အကုသိုလ်မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီသုံးဦးကလဲ ငါးဖမ်းရာမှာ ငါးများများရဖို့ မျှော်လင့်နေကြမယ်ဆိုရင်တော့ အကုသိုလ်ဖြစ်ကြမှာပါ။ တကယ်တမ်းပြောရရင် အကုသိုလ်ဆိုတာ နည်းတာဖြစ်စေ များတာဖြစ်စေ ဘာအကုသိုလ်မှမကောင်းဘူးဆိုတာကိုတော့ သတိထားစေချင်ပါတယ်။ ဒီအဖြေရဲ့အဓိကအရေးကြီးတာက ပါဏာတိပါတထိုက်တဲ့အင်္ဂါလေးချက်နဲ့ ကိုယ်ညီလား၊ မကိုက်ညီလားဆိုတာာပါပဲ။

အချုပ်ပြောလိုတာက အကုသိုလ်မှန်သမျှ ရှောင်ကြဉ်ကြ၊ ကုသိုလ်မှန်သမျှ အားထုတ်ကြ၊ စိတ်ကို ဖြူစင်အောင်ထား ဆိုတဲ့ ဘုရားရှင်ရဲ့သြ၀ါဒတော်တိုင်း လိုက်နာနိုင်က အကောင်းဆုံးပါလို့ပြောရင်း…….။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

2 comments:

kyawphyo said...

ဒုတိယအကြွေးပေးသူက “ဒီအကြွေးတွေ ငါမရတော့တဲ့အတူတူ လှူလိုက်တာပဲကောင်းတယ်”ဆိုပြီး လှူလိုက်ပါ တယ်။ ဒီဟာက အကြွေးပြန်မရလို့သာ လှူလိုက်ရတာပါ။ တကယ်လို့သာ ပြန်ရမဲ့အခြေအနေရှိရင် လှူမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒုတိယအကြွေးပေးသူဟာ ဘယ်လိုပဲလှူတယ်ပြောပြော ကုသိုလ်မရပါဘူး။
ဒါကြောင့် အကြွေးပေးတဲ့သူ နှစ်ယောက်ထဲမှာ ပထမတစ်ယောက်သာ ကုသိုလ်ရပြီး၊ ဒုတိယတစ်ယောက် ကျတော့ ကုသိုလ်လုံးဝ မရတဲ့အပြင် အကုသိုလ်ပဲ ရမှာဖြစ်တယ်။ လို့ဆိုတော့ အကုသိုလ်ဖြစ်ရတဲ့အကြောင်းကို သိချင်ပါတယ် ဘုရား။ နောက်ပြီးတော့ “လှူလိုက်တာပဲကောင်းတယ်” ဆိုတဲ့ အတွေးဖြစ်ပေါ်တာဟာ အကြွေးပြန်ရလို့ တကယ်မလှူဖြစ်ရင်တောင်မှ အဲ့ဒီ “လှူလိုက်တာပဲကောင်းတယ်” ဆိုတဲ့ အတွေးကြောင့် ကုသိုလ်မရနိုင်ဘူးလားဘုရား။ တကယ်လှူဖြစ်ရင်တော့ ကုသိုလ်မရဘူးလား ဘုရား။

ဆန်နီနေမင်း said...

ဒုတိယအကြွေးပေးတဲ့လူသည် စေတနာမပါဘဲ အကြွေးမရမဲ့အခြေအနေအရမို့ လှူဒါန်းဖြစ်တာဖြစ်တဲ့အတွက် ကုသိုလ်မရတာပါ။ အကုသိုလ်ဖြစ်ရတာကတော့ အကြွေးမရတော့ဘူးလို့စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတဲ့ ဒေါသကြောင့် အကုသိုလ်ဖြစ်တာပါ။
အကြွေးမရလို့လှူတာပဲကောင်းတယ်လို့ တွေးရင်လည်း အဲဒီအတွေးသည် စေတနာမပါခြင်းကြောင့် ကုသိုလ်မရပါ။ တကယ်လှူဖြစ်ရင်လည်း စေတနာပါမှ ကုသိုလ်ရမည်။ စေတနာမပါဘဲ အခြေအနေအရမို့ လှူဖြစ်ခဲ့ပါက ကုသိုလ်မရပေ။ ကောင်းမှု မကောင်းမှုအကျိုးပေးများတွင် မိမိသန္တာန်၌ရှိသော စေတနာပေါ်မှာမူတည်ပြီး အကျိုးပေးဖြစ်ထွန်းသောကြောင့် ဖြစ်ပါသည်။

Post a Comment

Powered by Blogger.