Friday, August 19, 2011

မနာလိုတာနဲ့သ၀န်တိုတာ အတူတူလား

အမေး။ ။ မနာလိုတာနဲ့သ၀န်တိုတာ အတူတူပဲလားဆိုတာ သိချင်ပါတယ်ဘုရား၊ ပီးတော့ မနာလိုတာတွေက ဘာ့ကြောင့်ဖြစ်ရတာပါလဲဘုရား။ ဒီမနာလိုတာတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာလဲ သိချင်ပါတယ်။ ဂရုဏာရှေ့ထားဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေး


အဖြေ။ ။ သိန်းသိန်းမြင့်မေးလိုက်တဲ့အမေးက

(၁) မနာလိုတာနဲ့သ၀န်တိုတာ အတူတူလား။

(၂) မနာလိုတာတွေက ဘာကြောင့်ဖြစ်ရတာလဲ။

(၃) မနာလိုတာတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမလဲဆိုပီး သုံးခုဖြစ်တယ်။

ပထမတစ်ခုကိုအရင်ဖြေပါ့မယ်။

(၁) မနာလိုတာနဲ့ သ၀န်တိုတာ အတူတူမဟုတ်ပါဘူး။ မနာလိုခြင်းဆိုတာက သူတစ်ပါးကောင်းစားနေတာကို မနာလိုတဲ့သဘောကို ပြောတာပါ။ ဒါကိုပဲ ပါဠိလို ဣဿာလို့ခေါ်ပါတယ်။ သ၀န်တိုတယ်ဆိုတာ တကယ်တော့ ၀န်တိုတာကို ပြောတာဖြစ်တယ်။ ၀န်တိုတယ်ဆိုတာ မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ပစ္စည်းများ သူတစ်ပါးကိုပေးရမှာ နှမြောတွန့်တိုတဲ့သဘော ပြောတာပါ။ ဒါကိုပဲ ပါဠိလို ‘မစ္ဆရိယ’လို့ခေါ်ပါတယ်။ နားလည်အောင်အကျယ်ရှင်းပြပါအုံးမယ်။

မနာလိုမှု
ဣဿာဆိုတဲ့ မနာလိုမှုဟာ ပရသမ္ပတ္တိဥဿူယနလက္ခဏာ သူတစ်ပါးရဲ့ပြည့်စုံတာ ကောင်းစား ချမ်းသာတာကို ငြူစူခြင်း သဘောလက္ခဏာရှိပါတယ်။ သူတစ်ပါးကောင်းစားချမ်းသာတာကို အလိုမရှိတဲ့အတွက် သူတစ်ပါးကို ရန်မူချင်တယ်။ သူတစ်ပါးစည်းစိမ်ချမ်းသာကိ ဖျက်ဆီးပစ်ချင်တယ်။ ဒီလိုမနာလိုတဲ့စိတ်ဖြစ်နေရင် ကိုယ့်မှာလဲ ဆင်းရဲတယ်။ ထို့အတူ မနာလိုတဲ့သူက နှောက်ယှက်ဖျက်ဆီးတဲ့အတွက်ကြောင့် စီးပွားဥစ္စာပြည့်စုံတဲ့သူမှာလဲ ဆင်းရဲဒုက္ခရောက်တတ်တယ်။ ပရသမ္ပတ္တိအနဘိရတိရသာ-သူတစ်ပါးရဲ့ပြည့်စုံ တာ ကောင်းစားချမ်းသာတဲ့အပေါ်မှာ မပျော်မွေ့ခြင်းကိစ္စရှိတယ်လို့ဆိုတဲ့အတိုင်း မနာလိုတဲ့သူက သူတစ်ပါး ချမ်းသာတာကို မမြင်ချင်ဘူး၊ မကြားချင်ဘူး၊ မတွေ့မသိချင်ဘူး။ မြင်ရ၊ကြားရ၊တွေ့နေရရင် စိတ်မချမ်းသာဘဲ မနေသာဘဲ ဖြစ်နေတတ်တယ်။ ပရသမ္ပတ္တိဝိမုခပစ္စုပဋ္ဌာနာ-သူတစ်ပါး ကောင်းစားချမ်းသာတာကို မကြည့်လိုဘဲ မျက်နှာလွဲတဲ့အနေဖြင့် ထင်ပေါ်နေပါတယ်။

ဝန်တိုမှု
ဝန်တိုမှုရဲ့လက္ခဏာက မိမိပိုင်နက်ကို သူတစ်ပါး မသိရအောင် လျှို့ဝှက်ထားလိုတဲ့သဘောလက္ခဏာရှိတယ်။ သက်ရှိသက်မဲ့ မိမိပိုင်နက်ကို သူတစ်ပါးနဲ့ မဆက်ဆံစေချင်တာ ဆက်ဆံသွားမှာကို သည်းမခံနိုင်တာဟာ ၀န်တိုမှုရဲ့ကိစ္စ သူ့အလုပ်ပါပဲ။ သူတစ်ပါးအား ပေးကမ်းရေး ဆက်ဆံစေရေးနဲ့စပ်ပြီး တွန့်ဆုတ်တဲ့အနေဖြင့် ထင်ရှားတဲ့ အခြင်းအရာရှိတယ်။ ၀န်တိုမှုဆိုတဲ့ မစ္ဆရိယက ငါးမျိုးတောင်ရှိတယ် သိသင့်တယ်ထင်လို့ အလျဉ်းသင့်တုန်းဖေါ်ပြပေးလိုက်ပါတယ်။

မစ္ဆရိယငါးမျိုးမှာ
(က) အာဝါသမစ္ဆရိယ- နေရာနဲ့စပ်ပြီး ၀န်တိုမှုရှိခြင်း။ မိမိနေရာမှာ သူတစ်ပါးအား မနေစေချင်တာကို အာဝါသမစ္ဆရိယ လို့ခေါ်တယ်။

(ခ) ကုလမစ္ဆရိယ-ချစ်ခင်ရင်းနှီးသူများနဲ့စပ်ပြီး ၀န်တိုခြင်း။ မိမိချစ်ခင်ရင်းနှီးတဲ့သူက တစ်ခြားသူနဲ့ရင်းနှီး သွားမှာကို မလိုလားတာကို ကုလမစ္ဆရိယ လို့ခေါ်တယ်။

(ဂ) လာဘမစ္ဆရိယ-လာဘ်လာဘ စီးပွားဥစ္စာနဲ့စပ်ပြီးဝန်တိုခြင်း။ မိမိနဲ့အလွန်ရင်းနီးသူက သူတစ်ပါးအား ပစ္စည်းဥစ္စာများသွားပေးတာကို သည်းမခံနိုင်တာကို လာဘမစ္ဆရိယ လို့ခေါ်ပါတယ်။

(ဃ) ၀ဏ္ဏမစ္ဆရိယ-ချီးမွမ်းဖွယ်ဂုဏ်နဲ့စပ်ပြီး ၀န်တိုခြင်း။ မိမိလှပသလို သူတစ်ပါးအား မလှပစေချင်တာ၊ သူတစ်ပါးလှပကြောင်း မပြောလို မကြားလိုတာ၊မိမိမှာ ချီးမွမ်းဖွယ်ဂုဏ်ရှိသလို သူတစ်ပါးအား ဂုဏ်မရှိစေချင်တာကို ၀ဏ္ဏမစ္ဆရိယ လို့ခေါ်ပါတယ်။

(င) ဓမ္မမစ္ဆရိယ-တတ်သိတဲ့စာပေပညာနဲ့စပ်ပြီး ၀န်တိုခြင်း။ စာပေအတတ်ပညာအရာမှာ မိမိတတ်သလို သူတစ်ပါးကို မတတ်စေချင်တာ၊ မသိစေချင်၊ မတတ်စေချင်လို့ လျှို့ဝှက်တာကို ဓမ္မမစ္ဆရိယ လို့ခေါ်ပါတယ်။ ဒီလောက်ဆိုရင် နံပတ်(၁)အမေးအတွက် ရှင်းလင်းသဘောပေါက်လောက်ပါပြီ။

(၂) မနာလိုတာတွေ ဘာကြောင့် ဖြစ်ရတာလဲ။ တစ်ခါက သတ္တ၀ါတွေမှာ ဆင်းရဲရတဲ့အကြောင်းနဲ့ပတ်သက်ပြီး၊ ဣဿာ၊ မစ္ဆရိယတရားတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို သိကြားမင်းက ဘုရားရှင် အား မေးလျှောက်ပါတယ်။ ထိုအခါ ဘုရားရှင်က မနာလို ၀န်တိုမှုတွေဟာ ချစ်စရာနဲ့မုန်းစရာကြောင့်ဖြစ်တယ်လို့ ဟောတော်မူခဲ့ပါတယ်။ ချစ်စရာမုန်းစရာမရှိရင် မဖြစ်ဘူးလို့ ဆိုလိုတာပါ။ ချစ်စရာဆိုတာက ချစ်စရာကောင်းတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အစရှိတဲ့ သက်မဲ့အာရုံကောင်းတွေနဲ့ သက်ရှိပုဂ္ဂိုလ်တွေဖြစ်တယ်။ မုန်းစရာဆိုတာက မုန်းစရာကောင်းတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့စတဲ့ သက်မဲ့အာရုံဆိုးတွေနဲ့သက်ရှိပုဂ္ဂိုလ်တွေ ဖြစ်တယ်။ မိမိမှာ ပြည့်စုံနေတဲ့ ချစ်စရာကောင်းတဲ့အာရုံနဲ့ မိမိရင်းနှီးတဲ့အခြွေအရံတွေကို မိမိမုန်းတဲ့သူအား မရစေချင်၊ မနီးစပ်စေချင်တဲ့အနေဖြင့် ၀န်တိုမှု မစ္ဆရိယ ဖြစ်ပါတယ်။ ဒါဟာ မုန်းတဲ့သူကို အကြောင်းပြုပြီးဖြစ်တဲ့ မနာလိုမှုပဲဖြစ်တယ်။ မိမိချစ်မြတ်နှိုးတဲ့ သက်မဲ့အဆင်း၊အသံစတာတွေနဲ့ အခြွေအရံ အသင်းအပင်းစတာတွေထက် တစ်ပါးသူက သာသွားမှာကို မနာလိုတာပါ။ အဲဒါကိုဣဿာလို့ခေါ်တယ်။ မိမိချစ်မြတ်နိုးတဲ့စည်းစိမ်တွေကို တစ်ပါးသူအား မရစေချင်တာ ၀န်တိုမှုဖြစ်တာပါ။ အဲဒါကို မစ္ဆရိယ လို့ခေါ်ပါတယ်။ မုန်းတဲ့သူမရှိရင်လဲ မနာလိုဖွယ် မရှိနိုင်ပါဘူး။ ထို့အတူ မိမိချစ်မြတ်နိုးတဲ့ဥစ္စာပစ္စည်းတွေ၊ မိမိချစ်မြတ်နိုးတဲ့ အခြွေအရံတွေ မရှိရင်လဲ မနာလို ၀န်တိုတာ မဖြစ်ပေါ်လာနိုင်ပါဘူး။ ဒါကြောင့် မနာလို၊၀န်တို တာဟာ မုန်းသူနဲ့ချစ်စရာတွေကိုမှီပြီး ဖြစ်ကြပါတယ်။

(၃)မနာလိုမှုတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမလဲ။ မနာလိုမှု၊ ၀န်တိုမှုဆိုတာတွေဟာ ချစ်ခြင်းမုန်းခြင်းကြောင့် ဖြစ်ရတယ်ဆိုတာ အထက်မှာပြောခဲ့တယ်။ ဒါကြောင့် ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် ကျင့်သုံးမယ်ဆိုရင် မနာလိုမှု ၀န်တိုမှုတွေ မဖြစ်နိုင်တော့။ ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် အကုသိုလ်ပယ်ပြီး ကုသိုလ်ဖြစ်အောင် ကျင့်သုံးရပါမယ်။ ဘယ်လိုကျင့်သုံးရမလဲဆိုရင် ဘုရားရှင်က ကုသိုလ်အစုအပုံကြီးဆိုတာ သတိပဋ္ဌာန်လေးပါးပါပဲ၊ သတိပဋ္ဌာန်လေးပါးကို ကုသိုလ်အစုအပုံကြီးလို့ပြောရင် မှန်ကန်တဲ့စကားဖြစ်တယ်လို့ မိန့်တော်မူတယ်။ ဒါကြောင့် သတိပဋ္ဌာန်တရားပွားများမယ်ဆိုရင် မနာလိုတာ၊၀န်တိုတာတွေ ဆိတ်သုဉ်းသွားနိုင်ပါတယ်။

ဖြစ်ပေါ်လာသမျှ အာရုံဟူသမျှကို အရှိကိုအရှိတိုင်းရှုမှတ်ပေးမယ်ဆိုရင် ရှုမှတ်တုန်းခဏမှာ ချစ်ခြင်းဆိုတဲ့လောဘ မုန်းခြင်းဆိုတဲ့ဒေါသတွေဟာ တစ်ခဏမျှ ပယ်သတ်ပြီးဖြစ်နေပါတယ်။ နားလည်အောင်ပြောရရင် မနာလိုမှုတွေဖြစ်လာတယ်ဆိုရင် ဒီမနာလိုတဲ့စိတ်ကိုပဲ “မနာလိုဘူး၊ တွေးတယ်၊ သိတယ်”စသဖြင့် အရှိကိုအရှိအတိုင်း ရှုမှတ်ရပါတယ်။ထိုအခိုက်မှာ အကုသိုလ်တွေကို တစ်ခဏမျှ ပယ်နေတာပါပဲ။ ရှုမှတ်မှုအားကောင်းလို့ အရှေ့အမှတ်နဲ့ နောက်အမှတ်ဆက်စပ်မိအောင် ရှုမှတ်နိုင်ပြီဆိုပါက သမာဓိအား အတော်အတန် ကောင်းလာတဲ့အခါ လောဘနဲ့ဒေါသတွေကို တစ်အောင့်လောက်ကြာအောင် ပယ်သတ်နိုင်တယ်။ ဆိုင်ရာမဂ်ဖိုလ်တွေရသွားပီဆိုရင် အောက်ထစ်ဆုံး သောတာပန်ဖြစ်သွားပီဆိုရင်တော့ မနာလိုမှု၊ ၀န်တိုမှုတွေ လုံးဝမလာနိုင်တော့ပါဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



0 comments:

Post a Comment

Powered by Blogger.