Tuesday, August 16, 2011

သင်္ကန်းအရောင်ဘယ်လိုသတ်မှတ်ပါလဲ


အမေး။ ။မြတ်စွာဘုရားက သင်္ကန်းအရောင်ကို ဘယ်လိုသတ်မှတ်ခဲ့ပါသလဲဘုရား၊ ၀ိနည်းတော်နဲ့ကိုက်ညီတဲ့ သင်္ကန်းနဲ့အရောင်ကို သေချာစွာရှင်းပြပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့နယ်၊ မကွေးတိုင်း။


အဖြေ။ ။ သင်္ကန်းအရောင်နဲ့ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဘယ်အရောင်ဝတ်ရမယ် ဆိုတာ အတိအကျ မဖေါ်ပြထားပေမဲ့ မဟာဝါ စီဝရက္ခန္ဓကမှာ မအပ်တဲ့သင်္ကန်းအရောင် ခြောက်မျိုးကို ဘုရားရှင်က ပညတ်ထားတာတွေ့ရတယ်။ မ၀တ်အပ်တဲ့သင်္ကန်းအရောင် ခြောက်မျိုးက

(၁) အလုံးစုံ ညိုမောင်းတဲ့အရောင်။ (၂) အ၀ါရောင်။ (၃) အနီရောင်။ (၄) မည်းနက်တဲ့အရောင်။ (၅) ကင်းခြေများကျောကုန်းအရောင်။ (၆) ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင်များ ဖြစ်ကြတယ်။ ဒီခြောက်မျိုးဟာ သင်္ကန်းအတွက်မအပ်တဲ့အရောင်များ ဖြစ်ပါတယ်။ နားလည်အောင်တစ်ပါးစီ ပြောရရင် ညိုတယ်ဆိုတာ ဆံပင်နက်ညိုမဟုတ်ပါဘူး။ ကောင်းကင်အရောင် ပြာညိုမျိုးဖြစ်တယ်။ ဒါကြောင့် သင်္ကန်းအပြာရောင် မဆိုးအပ်ဘူး။ မောင်းတယ်ဆိုတာက အမဲ အပြာ အနီ သုံးရောင်စပ်ထားတဲ့ မဉ္ဇိဋ္ဌ အနီဖျော့ ပန်းရောင်ကို ခေါ်တယ်။ ဒီပန်းရောင်လဲ မဆိုးအပ်ဘူး။ ပီးတော့ အ၀ါရောင်ဆိုတာက ၀ါရွှေတဲ့ အရောင် ဖြစ်တယ်။ ဒီဝါရွှေတဲ့အရောင်လဲ မအပ်ပါဘူး။ အနီရောက်ဆိုတာက ဒီနေရာမှာ နီလွန်းတဲ့ အရောင်ဖြစ်တယ်၊ လယ်ခေါင်ရမ်းပွင့်အရောင်နဲ့နှိုင်းပြထားပါတယ်။ ယခုအခါ ကြက်သွေးအရောင်၊ ငါးရှဉ့်သွေး အရောင်များလို့ခေါ်နေကြတဲ့အရောင်များဖြစ်တယ်။

ထိုအရောင်ကိုလဲ မဆိုးကောင်းပါဘူး။ နောက်တစ်ခု နက်သောအရောင်ဆိုတာကို ဆင်ပုတီးစေ့ အဆင်းနဲ့ နှိုင်းထားပါတယ်။ ဆင်ပုတီးစေ့ဟာ မီးသွေးလိုမည်းနက်နေတဲ့အတွက် သင်္ကန်းကို မီးသွေးအရောင်လဲ မဆိုးသင့်ပါဘူး။ ပီးတော့ ကင်းခြေများရဲ့ကျောကုန်း အရောင်ဖြစ်တယ်။ ကင်းခြေများရဲ့ကျောကုန်းအရောင်နဲ့ စပ်လို့ပြောရရင် မြန်မာပြည်မှာတော့ ဒေသနဲ့ရာသီဥတု မတူညီမှုကြောင့် အရောင်များပြောင်းလဲ တာတွေ တွေ့ရပါတယ်။ ဧရာဝတီဒေသမှာဖြစ်တဲ့ ကင်းခြေများနဲ့ အောက်ပြည် အောက်ရွာမှဖြစ်တဲ့ ကင်းခြေများရဲ့အရောင် မတူညီကြပါဘူး။ ဧရာဝတီဘက်မှာဆိုရင် ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ အများအားဖြင့် မည်း(မဲ)နေတာတွေ့ရပါတယ်။ အချို့ကင်းခြေများအရောင်က အစိမ်းဖက်ကိုလုပြီး အစိမ်းပုပ် ရောင်မျိုး ဖြစ်တယ်။ စာရေးသူတို့ တနင်္သာရီတိုင်းဒေသ အတွင်းမှာတော့ ကင်းခြေများ ရဲ့ ကျောကုန်းအရောင်ဟာ နီညိုဖြစ်တယ်။ ဒီနီညိုရောင်သင်္ကန်းမျိုးက ယခုမြန်မာပြည်မှာ အများဆုံးဝတ်ကြတဲ့ သင်္ကန်း အရောင်မျိုးဖြစ်တယ်။ အမှန်တော့ မြန်မာပြည်မှာရှိတဲ့ ကင်းခြေများရဲ့အရောင်ဟာ အမျိုးမျိုးရှိကြတဲ့အတွက် တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ ဘုရားရှင်ပညတ်တော်မူခဲ့တာက မဇ္ဈိမဒေသဖြစ်တယ်ဆိုတာ သတိထားမဲ့အချက်တစ်ခုပါ။ ဒါကြောင့် အိန္ဒိယဒေသ တစ်ခွင်မှာ ရှင်သန်လေ့ရှိတဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်ကို ယူရင်ပိုပြီးတိကျပါလိမ့်မယ်။ ဒါဖြင့် အိန္ဒိယဒေသမှာဖြစ်တဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်က ဘာအရောင်လဲလို့မေးရင် တိတိပပ မပြောနိုင်ပါ။ ဒါကြောင့် ပညာရှိများ အရောင်အတိအကျကို ကျမ်းဂမ်မှာတွေ့ခဲ့ရင် ဖေါ်ပြပေးတော်မူကြဖို့ မျှော်လင့်ပါတယ်။

နောက်တစ်ခုက ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင် ဖြစ်တယ်။ အခုဖေါ်ပြခဲ့တာတွေက မအပ်စပ်တဲ့ သင်္ကန်းအရောင် ခြောက်မျိုးဖြစ်ပါတယ်။ တစ်ခါ အပ်စပ်တဲ့အရောင်ကို ပြောရရင် အနီ၊ အညို၊ အ၀ါ ရောယှက်ပြီး မနီလွန်း မညိုလွန်းသောအရောင်ရှိတဲ့သင်္ကန်းကို ဘုရားရှင်နဲ့ တပည့်ရဟန်းများ ၀တ်ရုံတော်မူကြတယ်လို့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုဏ္ဍလမထေရ် ရေးသားပြုစုတော်မူတဲ့ မဟာသုတဒီပနီကျမ်းမှာ ဖေါ်ပြထားပါတယ်။ ထိုဖေါ်ပြချက်ဟာ ဘုရားရှင် တားမြစ်တော်မူခဲ့တဲ့ မအပ်စပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးမှာ မပါတဲ့အတွက် သင့်မြတ်လှပါကြောင်း။

ဝိနည်းတော်နဲ့အညီ သင်္ကန်းပုံသဏ္ဍာန် သင်္ကန်းကို လယ်ကန်သင်းလို လယ်ကွက်ပုံစံ ခွင့်ပြုတော်မူခဲ့ပါတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်ဟာ တစ်နေ့ ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏဂီရိဇနပုဒ်ကို ဒေသစာရီကြွချီတော်မူရာ လမ်းခုလပ်မှာ မဂဓတိုင်းသားတို့ရဲ့လယ်ကန်သင်းပြုလုပ်ထားပုံကို မြင်တော်မူပါတယ်။ လေးထောင့်ကန်လယ်ကွက်နှစ်ကွက်ရဲ့အကြားမှာ လမ်းကလေးတစ်ခုရှိနေတယ်။ ဒါဟာ လယ်ကွက်နှစ်ခုရဲ့ကြားမှာ လယ်ကိုရေသွင်းဖို့ ဖွဲ့ထားတဲ့ ရေမြောင်း ငယ်ဖြစ်တယ်။ စနစ်တကျဖွဲ့ထားတဲ့ မာဂဓတို့ရဲ့လယ်မြေကွက်ကို မြင်တောမူတဲ့အတွက် ဘုရားရှင်က “အာနန္ဒာ….မာဂဓတို့ရဲ့လယ်ကန်သင်းကို တွေ့တယ်မဟုတ်လား” လို့မေးတောမူပါတယ်။ အရှင်အာနန္ဒာက “မြင်ပါတယ်ဘုရား”လို့လျှောက်ထားတယ်။

ထိုအခါဘုရားရှင်က “ အာနန္ဒာ မာဂဓတို့ရဲ့လယ်ကန်သင်းပုံစံမျိုး သင်္ကန်းကို စီရင်နိုင်မလား”လို့ မေးတော် မူတော့ “စီရင်နိုင်ပါတယ်ဘုရား”လို့ အရှင်အာနန္ဒာက ပြန်လည်လျှောက်ထားတယ်။ ရာဇဂြိဟ်ပြည်ပြန်ရောက်တော့ သင်္ကန်းကို လယ်ကွက်ပုံစံ ဖြတ်တောက်ပြီး ချူပ်လုပ်ပါတယ်။ ချုပ်လုပ်ပြီးတဲ့သင်္ကန်းကို ဘုရားရှင်အား ပြတော်မူတဲ့အခါ ဘုရားရှင်က ရှင်အာနန္ဒာအားချီးမွန်းတော်မူပါတယ်။ အဲဒီမှာ ဘုရားရှင်က မဖြတ်တဲ့သင်္ကန်းကို မသုံးဆောင်ရ ဖြတ်ထားတဲ့ဒုကုဋ်၊ ကိုယ်ရုံသင်္ကန်းများ၊ သင်းပိုင်များကိုသာ သုံးဆောင်ရမယ်လို့ ခွင့်ပြုတော်မူပါတယ်။ သင်္ကန်းကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး လယ်ကွက်ပုံစံလို ချုပ်လုပ်ရမယ်လို့ဆိုလိုပါတယ်။ သင်္ကန်းကိုမဖြတ်ဘဲ ပြောင်ချောထားပြီး အနားလုံးကာ ချုပ်ဝတ်လို့မရဘူးလား၊ ဘာကြောင့် လယ်ကွက်လို ဖြတ်ချုပ်ပြီးမှ ၀တ်ခွင့်ပြုရတာလဲလို့ မေးစရာ တစ်ခုရှိပါတယ်။

လယ်ကွက်ပုံသဏ္ဍာန် ဖြတ်ချုပ်ရတဲ့အကြောင်းက (၁) သူခိုးဓားမြများက သင်္ကန်းကိုမျက်စိကျပြီး အန္တရာယ်ပြုမှာ စိုးတာကတစ်ကြောင်း။ (၂) စနစ်တကျချုပ်ထားတဲ့အတွက် ကြည်ညိုဖွယ်ဖြစ်တာကတစ်ကြောင်း။ (၃) ရဟန်းတော်များဟာ ကောင်းမှုမျိုးစေ့တို့ရဲ့တည်ရာ လယ်ယာမြေနဲ့တူ တယ်ဆိုတဲ့အဓိပ္ပါယ် ကို ဆောင်တာကတစ်ကြောင်း ဒီအကြောင်းသုံးမျိုးကြောင့် သင်္ကန်းကို လယ်ကွက်ပုံစံလေးထောင့်အပိုင်းများ ပိုင်းဖြတ်ပြီး ချုပ်လုပ်စေခြင်းဖြစ်ပါတယ်။

သင်္ကန်းရဲ့အလျား x အနံပမာဏ ဘုရားရှင်ရဲ့သင်္ကန်းတော်ပမာဏနဲ့ သင်္ကန်းတော်ပမာဏထက် သာလွန်တဲ့သင်္ကန်းမျိုးကို သုံးဆောင်ရင် ပါစိတ်အာပတ်သင့်စေလို့ပညတ် ချက်ရှိပါတယ်။

ဒါကြောင့်ရဟန်းတော်များရဲ့သင်္ကန်းဟာ ဘုရားရှင်ရဲ့သင်္ကန်းတော်အောက် ငယ်ရပါမယ်။ ဘုရားရှင်ရဲ့ သင်္ကန်းတော်ပမာဏက အလျား(၉)ထွာ၊ အနံ(၆)ထွာဖြစ်တယ်။ တစ်ခါသင်္ကန်းရဲ့ အတိုဆုံးပမာဏကို ပထမကထိနသိက္ခာပုဒ်ကင်္ခါမှာ ဧကသီ၊သင်္ကန်းကြီးအတွက် အလျား ငါးတောင် တောင်ဆုပ်၊ အနံသုံးတောင် တောင်ဆုပ်။ သင်းပိုင်အတွက် အလျားက ဧကသီအတိုင်း ငါးတောင် တောင်ဆုပ်၊ အနံက နှစ်တောင်လို့ဆိုထားပါတယ်။ အကြီးဆုံးပမာဏက ဘုရားရှင်ရဲ့ သင်္ကန်းတော်အောက်ပမာဏရှိရင် သုံးဆောင်အပ်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

0 comments:

Post a Comment

Powered by Blogger.