Tuesday, July 5, 2011

လက်အုပ်ချီ ရှိခိုးခြင်းနှင့်ပတ်သတ်၍

လက်အုပ်ချီရှိခိုးခြင်းနှင့်ပတ်သတ်၍ ဦးဇင်းတို့ ဗုဒ္ဓဘာသာလူမျိုးများ သိရှိသူနည်းလို့လား။ ဒါမှမဟုတ် သိရဲ့သားနဲ့ မလိုက်နာကျတာလားတော့ မသိပါဘူး။ ရှိခိုးတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြတာကို ဦးဇင်းမြန်မာပြည်နေစဉ်က ခဏခဏ တွေ့ဖူးပါတယ်။ ဦးဇင်းကလည်း လူတစ်ယောက်ရှိခိုးတဲ့အခါမှာ ဒီလူ ဘာသာရေးလိုက်စားလား မလိုက်စားဘူးလားဆိုတာ သိချင်လို့ အဲဒီရှိခိုးတဲ့ပုံစံကို လူတစ်ယောက်ရှိခိုးတဲ့အခါ သေချာကြည့်တာက များပါတယ်။ သို့သော် မိမိနဲ့မရင်းနှီးသောသူများဖြစ်ပါက ပြောဆိုပေးဖို့က မဖြစ်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မိမိနှင့်မရင်းနှီးရင် ဦးဇင်းက စကားလည်းမပြောတက် မပြောရဲတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ဦးဇင်းက အားလုံးကို ရင်းနှီးချင်တယ်။ ဒါမှလည်း အမြင်မတော်တာရှိရင် ကိုယ်က ရဲရဲတင်းတင်း ပြောရဲမှာလေ။


ဦးဇင်း နိုင်ငံခြားသားများနှင့် ဘုရားစေတီပေါ်တွင် တွေ့ဆုံ၍ စကားပြောဖြစ်သောအခါမှာလည်း သူတို့က မင့်တို့ ဗုဒ္ဓဘာသာလူမျိုးတွေ ဘာ့ကြောင့် ဘုရားရှိခိုးတဲ့အခါ တစ်ဦးနှင့်တစ်ဦး မတူညီကြတာလဲ။ မင့်တို့ဘုရားက ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး မိန့်ကြားပေးခဲ့တာ မရှိဘူးလားဆိုပြီး အမေးခံရဖူးလို့ ဖြေရှင်းပေးခဲ့ရတာလည်း မနည်းပါဘူး။ အခုတစ်ခါ သီရိလင်္ကာနိုင်ငံရောက်၍ မိမိတက်နိုင်သမျှ ပညာများကို အွန်လိုင်းကနေတဆင့် ဖြန့်ဖြူးပေးနေတော့လည်း gmail ကနေ ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ခဏခဏ အမေးခံရလို့ ဖြေပေးရတာလည်း များလှပါပြီ။ ဒါ့ကြောင့် နောက်တစ်ခါမေးခြင်းများကို မဖြေရအောင်နှင့် လူသားအားလုံးသိရှိပြီး လိုက်နာကျင့်သုံးနိုင်အောင် ဘယ်လိုရှိခိုးရမလဲဆိုတာကို တင်ပြပေးလိုက်ပါတယ်။


လက်အုပ်ချီမိုးရှိခိုးသောအခါ

ဥက္ခောင်းမြေထိ၊ ပြားပြားပိမျှ၊ အတိဂါရဝ၊ ရိုသေခလျက်၊ တုပ်ကွကျစ်လစ်၊ မြတ်ရှင်ချစ်အား၊ ပုဆစ်နှစ်ဖက်၊ စုံလက်ပြိုင်ပူး၊ နဖူးထိပ်စ၊ ဦးနှိမ်ချပြီး၊ ပဉ္စပတိဋ္ဌီ၊ ငါးလိမယွင်း၊ တည်ညွတ်ခြင်းဖြင့်၊ အချင်းခပ်သိမ်း၊ ညွတ်ညွတ်တိမ်းမှ….ဟု မဃဒေဝလင်္ကာပိုဒ်ရေ (၁၈)မှာ တင်ပြထားသကဲ့သို့

ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးညီမှသာဆိုသည့်အတိုင်း မိမိခြေဖျားဆယ်ချောင်း၊ လက်ဖျားဆယ်ချောင်း၊ နဖူး၊ တံတောင်နှစ်ဖက်၊ ဒူးခေါင်နှစ်ဖက်တို့သည် ကြမ်းပြင်(သို့မဟုတ်) မြေကြီးနဲ့ ထိစပ်ပြီး ရှိခိုးရပါမည်။

ထို့ပြင် လက်အုပ်ချီတဲ့အခါမှာလည်း ကြာဖူးသဏ္ဍာန်ပြုလုပ်ပြီး နဖူးတည့်တည့်မှာ တည်ထားကာ ခါးညွတ်၍ရှိခိုးတဲ့အခါ လက်အုပ်ကလေးကြဲလိုက်ပြီးလျှင် မြေကြီးကို အထက်ပါငါးချက်လုံး ထိစပ်မှုရှိအောင် ရှိခိုးရပါမည်။

ယခုတင်ပြခဲ့သလို ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများအားလုံး လိုက်နာကျင့်သုံးကြမယ်ဆိုလျှင် မိမိတို့ဘာသာကို အခြားသူများမြင်ပါက ကဲ့ရဲ့စရာ အထင်သေးခြင်းများလည်း ကင်းလွတ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘူး တစ်ယောက်တစ်ပေါက်နှင့်လုပ်ချင်သလို လုပ်နေမယ်ဆိုပါက မိမိတို့ဘာသာကို တစ်ခြားဘာသာဝင်များက မင့်တို့ဘာသာက အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးတာတောင် တစ်ယောက်နှင့်တစ်ယောက်မတူညီကြဘူးဆိုပြီး ကဲ့ရဲ့အထင်သေးခြင်းများ ခံရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

ယခုလောက်တင်ပြလျှင် လုံလောက်မည်ဟုထင်သောကြောင့် ဒီမှာပဲ နိဂုံးချုပ်ရင်း ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများသည် အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးခြင်းလေးကိုတော့ အားလုံးညီညွတ်စွာဖြင့် လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။

0 comments:

Post a Comment

Powered by Blogger.