Sunday, February 20, 2011

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ အပိုင်း(၃)


သတ္တ၀ါတစ်ဦး သေခါနီးကာလမှာ နိမိတ်(၃)မျိုးတွင် တစ်မျိုးမျိုးပေါ်ပြီး ဘ၀ပြောင်းကြပါတယ်။ အဲဒီသေခါနီးကာလမှာ ပေါ်လာတဲ့ နိမိတ်(၃)မျိုးကတော့ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့ပဲ ဖြစ်ပါတယ်။ ထို(၃)မျိုးတွင် ကံနိတ်မိတ်ဆိုသည်မှာ ယခုဘ၀အတိတ်ကပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံနှင့် အရင်အရင် ဘ၀တွေက မိမိပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေကို မြင်မိတာပါ။


ဥပမာ-မိမိစိတ်ထဲမှာ မိမိလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်များကို ပြန်လည်အာရုံပြုမိနေတာ၊ မေတ္တာပို့မိနေတာ၊ ဘုရားဂုဏ်တော်ပွားများမိနေတာ၊ ၀ိပဿနာအားထုတ်နေမိတာစတဲ့ ကုသိုလ်အာရုံများ ပေါ်နေနိုင်သလို ပစ္စည်းဥစ္စာအပေါ် စွဲလမ်းနေတာ၊ သားသမီးစတဲ့သံယောဇဉ်များပေါ် စွဲလမ်းနေမိတာစတဲ့ အကုသိုလ်စိတ်များလည်း ဖြစ်ပေါ်နေနိုင်ပါတယ်။

ကမ္မနိမိတ်ဆိုတာက မိမိမျက်မှောက်မှာဖြစ်စေ၊ အတိတ်ကဖြစ်စေ ပြုလုပ်ခဲ့တဲ့ သက်ရှိ၊ သက်မဲ့အရာဝတ္ထုတွေကို မြင်မိတာပါ။ ဥပမာ-မိမိမျက်မှောက်ဘ၀မှာဖြစ်စေ၊ အတိတ်ဘ၀များစွာကဖြစ်စေ ပြုလုပ်ခဲ့သော ကျောင်းအလှူ၊ တံတားအလှူ၊ ဘုရားစေတီအလှူစတဲ့ ကုသိုလ်နိမိတ်တွေဖြစ်ပေါ်နိုင်သလို သူတစ်ပါးအသက်ကို သတ်ခဲ့တာ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တာ၊ သူတစ်ပါးပစ္စည်းကို ခိုးခဲ့တာ၊ သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့တာစတဲ့ အကုသိုလ်နိမိတ်တွေ ဖြစ်ပေါ်နေနိုင်ပါတယ်။

ဂတိနိမိတ်ဆိုတာကတော့ မိမိဘ၀ကူးတဲ့ခါ ရောက်ရှိခံစားရမည့် ဘုံဌာနသတ္တ၀ါတွေကို အာရုံမှာလာထင်တာပါ။ ဥပမာ-လူ့ဘ၀ရောက်မဲ့သူဆို မိခင်ဝမ်းတွင်း၊ တိရစ္ဆာန်ဖြစ်မဲ့သူဆို တိရစ္ဆာန်အကောင်ပုံ၊ နတ်ဖြစ်မည့်သူဆို နတ်ဘုံ နတ်သား၊ ငရဲကျမည့်သူဆို ငရဲဘုံ၏ဆင်းရဲများ၊ ပြိတ္တာအသူရကာယ်ဖြစ်မည့်သူဆို တောတောင်ချိုင့်ဝှမ်းတွေ ပြိတ္တာပုံစံတွေကို မိမိအာရုံမှာ လာပေါ်နေပါတယ်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ သေခါနီးမှာ ကံနိတ်မိတ်ဖြစ်တဲ့ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ကမ္မနိမိတ်ဖြစ်တဲ့ ကုသိုလ်လုပ်ခဲ့တဲ့ အဆောက်အဦး၊ အကုသိုလ်လုပ်ခဲ့တဲ့ အရာဝတ္တု၊ အထည်ကိုယ်ဒြပ်၊ ဂတိနိမိတ်ဖြစ်တဲ့ ဖြစ်ရမည့်ဘုံဌာန သတ္တ၀ါပုံစံ နိမိတ်(၃)မျိုးထဲက တစ်ခုခုကိုမြင်ပြီး သူမြင်ရာအလိုက် ဘ၀ပြောင်းလဲ ဖြစ်သွားရတာပါ။ ကုသိုလ်စိတ်ဖြစ်တဲ့ကံနိမိတ်၊ ကုသိုလ်လုပ်ခဲ့တဲ့အဆောက်အဦး အထည်ကိုယ်ဒြပ်ဖြစ်တဲ့ ကမ္မနိမိတ်၊ ကောင်းတဲ့ဘုံဌာန သတ္တ၀ါတွေဖြစ်တဲ့ ဂတိနိမိတ်(၃)မျိုးတွင် တစ်ခုခုကိုမြင်ရလျှင်တော့ အဲဒီလူသည် ကောင်းတဲ့လူပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို ရောက်ရှိမှာ သေချာပါတယ်။ မကောင်းတဲ့စိတ်၊ မကောင်းတဲ့အလုပ်တွေ၊ မကောင်းတဲ့ဘုံဌာန သတ္တ၀ါတွေကို မြင်ရလျှင်တော့ အဲဒီလူသည် မကောင်းတဲ့ အပါယ်လေးပါးကို ကျရောက်မှာ သေချာပါတယ်။

သေခါနီးကာလမှာ များသောအားဖြင့် နောက်ဆုံးပြုလုပ်တဲ့ ကောင်းမှု၊မကောင်းမှုကို အာရုံထဲမှာ ထင်လာကြတာ များပါတယ်။ ကုသိုလ် နေ့စဉ်ပြုလုပ်သောပုဂ္ဂိုလ်သည် ကုသိုလ်ဆိုင်ရာ နိမိတ်များ မြင်တတ်သလို မကောင်းမှုတွေ အမြဲပြုလုပ်ပြီး မကောင်းမှုကိုပဲ အာရုံစိုက်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ မကောင်းတဲ့နိမိတ်တွေကို မြင်လာမိမှာ သေချာပါတယ်။

သို့သော်လည်း အသက်ထွက်ရန် အချိန်အနည်းငယ်ရတဲ့ပုဂ္ဂိုလ်ကို သူ့အနီးအနားမှာရှိတဲ့ပုဂ္ဂိုလ်များက မကောင်းတဲ့နိမိတ်မထင်အောင် ကောင်းမှုလေးပြုပေးကာ ကောင်းတဲ့စိတ်ဖြစ်အောင် လုပ်ပေးလို့ ရပါတယ်။ ဥပမာ-အသက်ထွက်ခါနီးလူရှေ့မှာ ဘုရားစာရွတ်ပေးတာ၊ တရားနာခိုင်းတာ၊ ကောင်းမှုလုပ်ပြီး ဒါဟာ မင့်အတွက် လုပ်ပေးတာ သာဓုခေါ်ကာ ၀မ်းမြှောက်ပေးပါ၊ ဒါလေးကို အာရုံပြုပြီး လှူပေးပါ။ စိတ်ထဲမှာ မကောင်းတာကို အာရုံမပြုဘဲနဲ့ ကောင်းတဲ့အာရုံကိုပဲ ပြုပေးပါစသည်ဖြင့် ပြောဆိုလုပ်ကိုင်ပေးမည်ဆိုလျှင် အသက်ထွက်ခါနီးပုဂ္ဂိုလ်သည် ထိုကောင်းမှုစိတ်လေးကို အာရုံပြုရင်းသေသွားပါက ကောင်းတဲ့ဘုံကို ရောက်သွားနိုင်ပါတယ်။

ဒါပေမဲ့ တကယ်လို့ အဲဒီပုဂ္ဂိုလ်ဟာ သေခါနီးမှသာ ကောင်းမှုလုပ်လိုက်၍ ကောင်းတဲ့ဘုံကို အကျိုးပေးသော်လည်း သူသည်အရင်က မကောင်းတာတွေပဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါက သူမကောင်းကျိုးကို အဲဒီဘုံဌာနမှာ ခံစားရမှာပါ။ ဥပမာ-သေခါနီးမှာ ကောင်းမှုလုပ်ပြီး ကောင်းတဲ့အာရုံကြောင့် လူပြည်ရောက်သွားသော်လည်း အဲဒီပုဂ္ဂိုလ်သည် အရင်က မကောင်းတာတွေပဲ လုပ်ခဲ့လျှင် လူဖြစ်ပြီး လူချင်းမတူသော စွံ့အနားမကြား၊ ဒုက္ခိတ၊ ရောဂါများခြင်း၊ မွေးပြီးခဏသေခြင်း၊ ဆင်းရဲနုံခြာသောဘ၀ဖြစ်ခြင်း၊ ဉာဏ်ထိုင်မှိုင်ခြင်းစတဲ့ မကောင်းကျိုးများကို ခံစားရပါလိမ့်မယ်။ လူပြည်မဟုတ်ဘဲ နတ်ပြည် ရောက်သွားလျှင်လည်း နတ်ခြင်းမတူဘဲ စည်းစိမ်းနည်းပါးခြင်း၊ အခြံအရံနည်းပါးခြင်း၊ ရုပ်ရေနုံခြာခြင်းစတဲ့ မကောင်းကျိုးများကို ခံစားရပါမယ်။

တစ်ချို့က အထင်မှားနေကြတဲ့အယူလေးတွေလည်း ရှိပါသေးတယ်။ ဘာဖြစ်လို့ သေခါနီးမှလုပ်တဲ့ကုသိုလ်က အရင်အကျိုးပေးသလဲ၊ သေခါနီးမှ ကောင်းမှုလုပ်ရင် အဲဒီပုဂ္ဂိုလ်ဟာ ကောင်းတဲ့ဘုံရောက်တယ်ဆိုတော့ သေခါနီးမှလုပ်မယ်လို့ စိတ်ကူးကြသူများလည်း တွေ့ရပါတယ်။

သေခါနီးမှာ ကောင်းမှုလုပ်၍ ကောင်းတဲ့ဘုံကိုအကျိုးပေးသော်လည်း မိမိသည် သေခါနီးတွင် ကောင်းမှုလုပ်ဖို့ရန် ဘယ်လိုသေခြင်းမျိုးနဲ့ သေမလဲဆိုတာ မသိနိုင်ပါ။ ဥပမာ-ရုတ်တရက်သေသွားသော သေခြင်းများနဲ့သေသွားရလျှင် ဘယ်မှာကောင်းမှုလုပ်နိုင်မလဲ၊ မိမိဘယ်ချိန်ဘယ်နေရာ ဘယ်လိုလူမျိုးတွေ ရှေ့မှာ သေရမယ်ဆိုတာရော ဘယ်သူကကြိုတင်သိနိုင်မလဲဆိုတာတွေ ရှိသေးသည့်အတွက် မသေခင် အသက်ရှင်နေတုန်းမှာ ကောင်းမှုများကို နေ့စဉ်လုပ်ပြီး မိမိစိတ်မှာ ကုသိုလ်အာရုံများဖြင့် ပျော်မွေ့နေအောင် လုပ်ပေးရပါမယ်။

မိမိတို့သည် ယခုလူ့ဘ၀ရနေ၍ ယခုဘ၀အတွက် သိပ်ပူပန်စရာမလိုတော့ပါ။ အနာဂတ်ဖြစ်လာမည့် ဘ၀တွေကောင်းဖို့ကိုသာ အဓိကထားလုပ်ပေးရပါမယ်။ မျက်မှောက်တစ်ဘ၀ကောင်းစားဖို့နဲ့ ရှေ့ဆက်ဖြစ် ရမည့်ဘ၀ပေါင်းများစွာ ကောင်းစားဖို့တို့ကို နှိုင်းယှဉ်ကြည့်ကာ ဘယ်အရာက ပို၍အရေးပါသလဲ ဘယ်အတွက်ကို အဓိကထားလုပ်ပေးရမလဲဆိုတာ စဉ်းစားပြီးမကောင်းမှုများကို ဒီဘ၀အတွက်နဲ့တော့ မလုပ်ဘဲနဲ့ကောင်းမှုများကိုသာ အနာဂတ်ဘ၀များစွာအတွက် ကောင်းဖို့ရန် လုပ်ပေးဖို့အဓိက လိုအပ်ပါပေ တယ်။

နောက်ဆုံးသေခါနီးမှာဖြစ်တဲ့စိတ်သည် ဘာ့ကြောင့်အရင် အကျိုးပေးရသလဲ ဆိုတာကို လူသားအားလုံးနားလည်အောင် တင်ပြပေးပါမယ်။ ယခုတော့ စာများနေပြီးဖြစ်တဲ့အတွက် ဒီလောက်ပဲ အရင်တင်ပြပေးလိုက်ပါတယ်။ ဒီလ(၂၃) ရက်နေ့ ရန်ကုန်သွားမည်မို့ ဒီကြားတွင်တော့ အပြီးသတ်အောင် ရေးသားတင်ပြပေးပါမယ်လေ။

0 comments:

Post a Comment

Powered by Blogger.